Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

11. Ekādasamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၁၆၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည်
''သိက္ခမာန်ကို ရဟန်း ပြုပေးအံ့''ဟု မထေရ်ဖြစ်သော ရဟန်းတို့ကို စည်းဝေးစေပြီးလျှင် များစွာသော ခဲဖွယ်ဘောဇဉ်ကို မြင်၍
''အသျှင်တို့ အကျွန်ုပ်တို့သည် သိက္ခမာန်ကို ရဟန်းပြုပေးမည် မဟုတ်သေးပါ''ဟု (လျှောက်ကာ) မထေရ်ဖြစ်သော ရဟန်းတို့ကို လွှတ်လိုက်ပြီးနောက် ဒေဝဒတ်၊ ကောကာလိက၊ ခဏ္ဍမိဖုရား၏ သားဖြစ် သော ကဋမောဒကတိဿက၊ သမုဒ္ဒဒတ္တတို့ကို စည်းဝေးစေ၍ သိက္ခမာန်ကို ရဟန်းပြုပေး၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြု ပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၆၇။ ''အကြင် ဘိက္ခုနီမသည် သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၆၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိုးလေပြီးသော ဆန္ဒပေးခြင်းဖြင့်ဟူသည် ပရိသတ်ထသွားသည် ရှိသော်။
သိက္ခမာန်ဟူသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
ရဟန်းပြုပေးငြားအံ့၊ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမ တို့အားမူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၆၉။ ပရိသတ် ထမသွားမီ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဧကာဒသမသိက္ခာပုဒ် ပြီး၏။