Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Dutiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၀၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလိပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဥပါလိ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အသျှင်ကပ္ပိတကသည် သင်းချိုင်း၌ နေ၏။
ထိုစဉ်အခါ၌ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့တွင် သီတင်းကြီးဖြစ်သော ဘိက္ခုနီမသည် ကွယ်လွန်လေ၏။
ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ထိုဘိက္ခုနီမ (ရုပ်အလောင်း) ကို ယူဆောင်၍ အသျှင်ကပ္ပိတက၏ ကျောင်းအနီး၌ မီးသြင်္ဂိုဟ်၍ စေတီပြုလုပ်ပြီးနောက် ထိုစေတီသို့ သွား၍ ငိုကြကုန်၏။
ထိုအခါ အသျှင်ကပ္ပိတကသည် ထိုငိုသံနှိပ်စက်သဖြင့် စေတီကို ဖျက်ဆီး၍ ကစဉ့်ကရဲ ဖြန့်ကြဲ ထားလေ၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ''ဤကပ္ပိတကသည် ငါတို့ အသျှင်မ၏ စေတီကို ဖျက်ဆီး၏၊ ယခုပင်လျှင် ထိုကပ္ပိတကကို သတ်ကြစို့''ဟု တိုင်ပင်ကြကုန်၏။
ဘိက္ခုနီမတစ်ပါးက အသျှင်ဥပါလိအား ဤအကြောင်းကို လျှောက်၏။
အသျှင်ဥပါလိသည် အသျှင်ကပ္ပိတကအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ အသျှင်ကပ္ပိတကသည် ကျောင်းမှ ထွက်၍ တိမ်းရှောင်ပုန်းကွယ်နေရလေ၏။
ထို့နောက် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အသျှင်ကပ္ပိတက၏ ကျောင်းသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်ကပ္ပိတက၏ ကျောင်း ကို ကျောက်ခဲ မြေစိုင်ခဲတို့ဖြင့် လွှမ်းဖိစေ၍ ''ကပ္ပိတကသည် သေလေပြီ''ဟု ထင်မှတ်ကာ ဖဲသွားကုန်၏။
ထို့နောက် အသျှင်ကပ္ပိတကသည် ထိုညဉ့်လွန်သော နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်လေ၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အသျှင်ကပ္ပိတက ဆွမ်းခံလှည့်လည်နေသည်ကို မြင်၍ ''ဤကပ္ပိတကသည် အသက်ရှင်နေသေး၏၊ အဘယ်သူသည် ငါတို့၏ တိုင်ပင်ချက်ကို ဖျက်ဆီးလေသနည်း''ဟု ပြောဆိုကုန်၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ''အသျှင်ဥပါလိမထေရ် သည် ငါတို့၏ တိုင်ပင်ချက်ကို ဖျက်ဆီးလေသတတ်''ဟု ကြားကုန်၏။
ထိုဘိက္ခုနီမတို့သည် အသျှင်ဥပါလိမထေရ်ကို ''ဖန်ရည်စွန်းသော ဆတ္တာသည်တို့၏ အဝတ်ကို ဝတ်၍့အညစ်အကြေးကို သုတ်သင်ပေးရသည့် ဤဇာတ်ညံ့သူ (ဥပါလိ) သည် အဘယ့်ကြောင့် ငါတို့၏ တိုင်ပင်ချက်ကို ဖျက်ဆီးလေဘိသနည်း''ဟု ဆဲရေးကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အသျှင်ဥပါလိကို ဆဲရေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ဥပါလိကို ဆဲရေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ဥပါလိကို ဆဲရေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၂၉။ ''အကြင် ဘိက္ခုနီမသည် ရဟန်းကို ဆဲရေးမူလည်း ဆဲရေးငြားအံ့၊ ခြိမ်းချောက်မူလည်း ခြိမ်းခြောက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၃၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် ပဉ္စင်းဖြစ်သော သူကို။
ဆဲရေးငြားအံ့ဟူသည် ဆဲရေးခြင်း အကြောင်းဆယ်မျိုးတို့ဖြင့်သော်လည်း ဆဲရေးအံ့၊ ထိုဆဲရေးခြင်း ဆယ်မျိုးတို့တွင် တစ်မျိုးမျိုးဖြင့်သော်လည်း ဆဲရေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ခြိမ်းခြောက်ငြားအံ့ဟူသည် ဘေးကို ပြအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၀၃၁။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ဆဲရေးမူလည်း ဆဲရေးအံ့၊ ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၃၂။ အနက်ကို ရှေးရှုသော ဘိက္ခုနီမ၊ ပါဠိကို ရှေးရှုသော ဘိက္ခုနီမ၊ အဆုံးအမကို ရှေးရှုသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။