၁၀၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ပါးသည် သာဝတ္ထိပြည် ခရီးလမ်းဆုံ တစ်ခု၌ ဆွမ်းအလို့ငှါ လှည့်လည်သည်ရှိသော် ဒါယကာတစ်ဦး၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင်
ခင်းထားသော နေရာ၌ ထိုင်နေ၏။
ထိုအခါ ထိုလူတို့သည် ထိုဘိက္ခုနီမကို ဆွမ်းကျွေးပြီးလျှင်
''အသျှင်မ အခြား ဘိက္ခုနီမတို့လည်း လာကြပါစေ''ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုဘိက္ခုနီမက ''အဘယ်သို့လျှင် (အခြား) ဘိက္ခုနီမတို့သည် မလာကုန်ရာအံ့နည်း''ဟု (ကြံစည်၍) ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်ပြီးလျှင်
''အသျှင်မတို့ ဤမည်သော အရပ်၌ ခွေးတို့သည် ဆိုးကုန်၏၊ နွားလားသည် ကြမ်းတမ်း၏၊ ရွှံ့ညွန်ထူထပ်သော အရပ်လည်း ဖြစ်၏၊
ထိုအရပ်သို့ မသွား ကြကုန်လင့်''ဟု (ပြောဆို၏)။
ဘိက္ခုနီမတစ်ပါးသည်လည်း ထိုခရီးလမ်းဆုံ၌ပင် ဆွမ်းခံလှည့်လည်သည်ရှိသော် ထိုဒါယကာအိမ်သို့ချဉ်းကပ်ပြီးလျှင်
ခင်းထားသော နေရာ၌ ထိုင်နေ၏။
ထိုအခါ လူတို့သည် ဘိက္ခုနီမကို ဆွမ်းကျွေး ပြီးနောက်-
''အသျှင်မ အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မလာကုန်သနည်း''ဟု မေးသဖြင့်
ဤအကြောင်းကို ထိုလူတို့အား ပြောကြား၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ဒါယကာ၌ ဝန်တိုသူ ဖြစ်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် ဒါယကာ၌ ဝန်တို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော် မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ဒါယကာ၌ ဝန်တိုဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၄၃။ ''အကြင် ဘိက္ခုနီမသည် အမျိုး 'ဒါယကာ' ၌ ဝန်တိုသူ ဖြစ်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၄၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အမျိုး 'ဒါယကာ' မည်သည် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူ၍ အမျိုး 'ဒါယကာ' လေးမျိုး ရှိ၏။
ဝန်တိုသူ ဖြစ်ငြားအံ့ဟူသည် ''အဘယ်သို့လျှင် (အခြား) ဘိက္ခုနီမတို့သည် မလာကုန်ရာ အံ့နည်း''ဟု (ကြံစည်၍) ဘိက္ခုနီမတို့၏ အထံ၌ ဒါယကာ၏ ဂုဏ်မဲ့ကို ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဒါယကာထံ၌လည်း ဘိက္ခုနီမတို့၏ ဂုဏ်မဲ့ကို ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၀၄၅။ ဒါယကာ၌ ဝန်တိုခြင်း မရှိဘဲ ထင်ရှားရှိသော အပြစ်ကိုသာလျှင် ပြောကြားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။