问题
选择版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

5. Pañcamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၉၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် ဆွမ်းခံလှည့်လည်ပြီး နောက် စိုသော သင်္ကန်းကို ဖြန့်ထား၍ ကျောင်းတွင်းသို့ ဝင်လေ၏။
အခြားဘိက္ခုနီမတစ်ယောက်သည် ထိုသင်္ကန်းကို ဝတ်ရုံ၍ ရွာတွင်းသို့ ဆွမ်းခံဝင်၏။
ထိုသင်္ကန်းရှင် ဘိက္ခုနီမသည် ထွက်လာ၍ ''အသျှင်မတို့ အကျွန်ုပ်၏ သင်္ကန်းကို မြင်မိပါကုန် သလော''ဟု အခြားဘိက္ခုနီမတို့အား မေး၏။
အခြားဘိက္ခုနီမတို့သည် ထိုဘိက္ခုနီမအား ဤအကြောင်း ကို ပြောကြားကုန်၏။
ထိုအခါ (သင်္ကန်းရှင်) ဘိက္ခုနီမသည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အကျွန်ုပ်၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊
ထိုဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားလေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အခြားဘိက္ခုနီမ၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် အခြားဘိက္ခုနီမ၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် အခြားဘိက္ခုနီမ၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံလေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၀၃။ ''အကြင် ဘိက္ခုနီမသည် ပြောင်းရွှေ့ 'ပြန်ပေး'ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၀၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ပြောင်းရွှေ့ 'ပြန်ပေး'ရမည့် (သူတစ်ပါးပိုင်) သင်္ကန်း မည်သည် အခြားဘိက္ခုနီမ၏ သင်္ကန်း ငါးထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း၊ ထိုသင်္ကန်းရှင်မက မပေးဘဲသော် လည်းကောင်း၊ ထိုသင်္ကန်းရှင်မကို မပန်ကြားဘဲသော်လည်းကောင်း ဝတ်မူလည်း ဝတ်အံ့၊ ရုံမူလည်း ရုံအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၀၅။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ ပြောင်းရွှေ့ 'ပြန်ပေး' ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ ပြောင်းရွှေ့ 'ပြန်ပေး'ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ပြောင်းရွှေ့ 'ပြန်ပေး' ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၏ ပြောင်းရွှေ့ 'ပြန်ပေး' ရမည့် သင်္ကန်းကို ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၀၆။ ထိုဘိက္ခုနီမကသော်လည်း ပေးအံ့၊ ထိုဘိက္ခုနီမကိုသော်လည်း ပန်ကြား၍ ဝတ်မူလည်း ဝတ်အံ့၊ ရုံမူလည်း ရုံအံ့၊ အာပတ် မသင့်၊ သင်္ကန်းကို အလုယက်ခံရသော ဘိက္ခုနီမ၊ သင်္ကန်းပျောက်သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။