၉၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် မြင့်လွန်းသောနေရာ၁ကိုလည်း ကောင်း၊ ပလ္လင်၂ကိုလည်းကောင်း သုံးဆောင်ကုန်၏။
လူတို့သည် ကျောင်းစဉ်လှည့်လည်သည် ရှိသော် တွေ့မြင်၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကို လည်းကောင်း သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေ ခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၈၃။ ''အကြင် ဘိက္ခုနီမသည် မြင့်လွန်းသော နေရာကိုလည်းကောင်း၊ ပလ္လင်ကိုလည်းကောင်း သုံးဆောင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၉၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မြင့်လွန်းသောနေရာ မည်သည် အတိုင်းအရှည်ပမာဏထက် ပိုလွန်သော ညောင်စောင်းကို ဆိုလိုသည်။
ပလ္လင် မည်သည် သားရဲရုပ်တို့ဖြင့် ပြုလုပ်ထားသည့် မရွေ့ကောင်းသော နေရာတည်း။
သုံဆောင်ငြားအံ့ဟူသည် ထိုမြင့်လွန်းသော နေရာပလ္လင်၌ ထိုင်သော်လည်းကောင်း၊ အိပ်သော် လည်းကောင်း ပါစိတ်အာပတ် သင့်၏။
၉၈၅။ မြင့်လွန်းသော နေရာ၏ အခြေတို့ကို ဖြတ်၍ သုံးဆောင်အံ့၊ ပလ္လင်၏ သားရဲရုပ်တို့ကို ဖျက်ဆီး၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။ ၁။ မြတ်စွာဘုရားလက်ရှစ်သစ်ပမာဏထက်လွန်သော ညောင်းစောင်းအင်းပျဉ်။ ၂။ ခြေထောက်တို့၌ သားရဲရုပ်တပ်ထားသော နေရာ။