Issues
Select Version
元亨寺·CBETA
中文
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

အသျှင်မတို့ တစ်ရာ့ခြောက်ဆယ့်ခြောက်ပါးသော ဤပါစိတ်အာပတ်တို့သည်
သရုပ်အားဖြင့် ပြဆို အပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၇၉၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ
ဥပါသကာတစ်ဦးသည် ကြက်သွန်အလိုရှိသော အသျှင်မတို့အား ''အကျွန်ုပ်သည် ကြက်သွန် (အလှူခံရန်) ဖိတ်ကြားပါ၏''ဟု ဘိက္ခုနီသံဃာအား ဖိတ်ကြားထား၏၊
''အကယ်၍ ဘိက္ခုနီမတို့သည် လာကုန်အံ့၊ ဘိက္ခုနီမတစ်ပါးတစ်ပါးအား ကြက်သွန့်နှစ်ဖုတ်, သုံးဖုတ်တို့ကို ပေးလှူဘိလော့''ဟု ကြက်သွန်ခင်းစောင့်သူကိုလည်း စေခိုင်းမှာထား၏။
ထိုအခါ သာဝတ္ထိပြည်၌ ပွဲသဘင်ဖြစ်၍
ဆောင်ယူခဲ့တိုင်းသော ကြက်သွန်သည် ကုန်ခြင်းသို့ ရောက်၏။
ဘိက္ခုနီမတို့သည် ထိုဥပါသကာထံသို့ ချဉ်းကပ်၍ ''ဒါယကာ ကြက်သွန် အလိုရှိ၏''ဟု ပြောဆိုကုန်၏။
အသျှင်မတို့ မရှိပါ၊
ဆောင်ယူခဲ့တိုင်းသော ကြက်သွန်သည် ကုန်ပါပြီ၊
ကြက်သွန်ခင်းသို့ ကြွတော်မူကြ ပါလော့ဟု (လျှောက်၏)။
ထုလ္လနန္ဒာဘိက္ခုနီမသည် ကြက်သွန်ခင်းသို့ သွား၍ အတိုင်းအရှည်ကို မသိဘဲ များစွာသော ကြက်သွန် တို့ကို ဆောင်ယူစေ၏။
ကြက်သွန်ခင်းစောင့်သူသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အတိုင်းအရှည်ကို မသိဘဲ များစွာသော ကြက်သွန်ကို ဆောင်ယူစေကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုကြက်သွန်ခင်းစောင့်သူ၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အတိုင်းအရှည်ကို မသိဘဲ များစွာသော ကြက်သွန်ကို ဆောင်ယူစေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အတိုင်းအရှည်ကို မသိဘဲ များစွာသော ကြက်သွန်ကို ဆောင်ယူစေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အတိုင်းအရှည်ကို မသိဘဲ များစွာသော ကြက်သွန်ကို ဆောင်ယူစေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-
ရဟန်းတို့ ရှေးက ဖြစ်ဖူးသည်ကား ထုလ္လနန္ဒာဘိက္ခုနီမသည် ပုဏ္ဏားတစ်ဦး၏ မယားဖြစ်ဖူး၍
(သူ့အား) နန္ဒာ နန္ဒဝတီ သုန္ဒရီနန္ဒာဟူသော သမီးသုံးယောက်တို့လည်း ရှိကုန်၏။
ရဟန်းတို့ ထိုအခါ ထိုပုဏ္ဏားသည် သေလွန်၍ ဟင်္သာငှက်မျိုးတစ်ခု၌ ဖြစ်၏၊
ထိုဟင်္သာငှက်၏ အတောင်တို့သည် အလုံးစုံ ရွှေဖြင့် ပြီးကုန်၏၊
ထိုဟင်္သာသည် ထိုမိသားတစ်စုတို့အား အတောင်တစ်ခုစီ ပေး၏။
ရဟန်းတို့ ထိုအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် ''ဤဟင်္သာသည် ငါတို့အား တစ်ယောက်လျှင် အတောင်တစ်ခုစီ ပေး၏''ဟု နှလုံးသွင်း၍ ထိုဟင်္သာမင်းကို ဖမ်းပြီးလျှင် အတောင်မရှိသည်ကို ပြုလေ၏ 'တစ်ခုမကျန် အကုန်နုတ်ယူလေ၏'၊
တစ်ဖန်ပေါက်လာသော ထိုဟင်္သာမင်း၏ အတောင်တို့သည် အဖြူ ချည်း ဖြစ်လေကုန်၏။
''ရဟန်းတို့ ထိုအခါ၌လည်း ထုလ္လနန္ဒာဘိက္ခုနီမသည် လောဘကြီးလွန်းသောကြောင့် ရွှေမှ ဆုံးရှုံး ခဲ့ရ၏၊
ယခုအခါ၌မူကား ကြက်သွန်မှ ဆုံးရှုံးရလတ္တံ့''ဟု မိန့်တော်မူ၏။
ရရှိသော ဝတ္ထုပစ္စည်းဖြင့် နှစ်သက်ရောင့်ရဲရမည်။ မှန်ပေစွ၊ လောဘကြီးလွန်းခြင်းသည် ယုတ်မာ၏၊
ဟင်္သာမင်းကို ဖမ်း၍ (အတောင်ကို အကုန်နုတ်ယူသောကြောင့်) ရွှေမှ ဆုံးရှုံးယုတ်လျော့ ရလေသတည်း။
ထိုအခါ မြတ်စွာဘုရားသည် ထုလ္လနန္ဒာဘိက္ခုနီမကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၉၄။ ''အကြင် ဘိက္ခုနီမသည် ကြက်သွန်ကို စားငြားအံ့၊ (ထိုဘိက္ခုနီမ အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၉၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကြက်သွန် မည်သည် မဂဓတိုင်း၌ဖြစ်သော ကြက်သွန်ကို ဆိုအပ်၏။
''စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၇၉၆။ ကြက်သွန်၌ ကြက်သွန်ဟု အမှတ်ရှိသည်ဖြစ်၍ စားအံ့၊ ပါစိတ်အာပတ် သင့်၏။
ကြက်သွန်၌ ယုံမှားရှိသည်ဖြစ်၍ စားအံ့၊ ပါစိတ်အာပတ် သင့်၏။
ကြက်သွန်၌ ကြက်သွန်မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စားအံ့၊ ပါစိတ်အာပတ် သင့်၏။
ကြက်သွန်မဟုတ်သည်၌ ကြက်သွန်ဟု အမှတ်ရှိသည်ဖြစ်၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြက်သွန်မဟုတ်သည်၌ ယုံမှားရှိသည်ဖြစ်၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြက်သွန်မဟုတ်သည်၌ ကြက်သွန်မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စားအံ့၊ အာပတ် မသင့်။
၇၉၇။ ကြက်သွန်ဝါ၌လည်းကောင်း၊ ကြက်သွန်နီ၌လည်းကောင်း၊ ကြက်သွန်စိမ်း၌လည်းကောင်း၊ အငြှောင့်မရှိ (ဥတစ်လုံး) ကြက်သွန်ဖြူ၌လည်းကောင်း၊ ကျက်ပြီးဟင်း၌လည်းကောင်း၊ ကျက်ပြီးစမဲဟင်း၌ လည်းကောင်း၊ ဆီကျက်၌လည်းကောင်း၊ ဆီးယို၌လည်းကောင်း၊ လက်သုပ်ဟင်းလျာ၌လည်းကောင်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်းကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။