Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

9. Navamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် မိမိတို့ပစ္စည်းကို မမြင်ကုန်သည် ဖြစ်၍ 'အသျှင်မ ငါတို့၏ ပစ္စည်းကို မြင်ပါသလော'ဟု စဏ္ဍကာဠီဘိက္ခုနီမအား မေးကုန်၏။
စဏ္ဍကာဠီ ဘိက္ခုနီမက ''ငါသည် ခိုးသူမလော၊ ငါသည် အလဇ္ဇီမလော၊ မိမိ၏ ပစ္စည်းကို မမြင်သော အသျှင်မတို့က 'အသျှင်မ ငါတို့၏ ပစ္စည်းကို မြင်ပါသလော'ဟု ငါ့အား မေးကုန်၏။ အသျှင်မတို့ ငါသည် အကယ်၍ သင်တို့၏ ပစ္စည်းကို ယူမိပါအံ့၊ ဘိက္ခုနီမ မဟုတ်သည် ဖြစ်ရပါလို၏၊ သာသနာတော်မှ ရွေ့လျော ရပါလို၏၊ ငရဲ၌ ဖြစ်ရပါလို၏၊ ငါ့ကို ဤသို့ မဟုတ်မမှန် ပြောဆိုသော ဘိက္ခုနီမသည်လည်း ဘိက္ခုနီမ မဟုတ်သည် ဖြစ်ပါစေ၊ သာသနာတော်မှ ရွေ့လျောပါစေ၊ ငရဲ၌ ဖြစ်ပါစေ''ဟု (ကျိန်ဆဲ၍) ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် မိမိကိုယ်ကိုလည်း ကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ ငရဲဖြင့်လည်းကောင်း၊ သာသနာတော်ဖြင့်လည်းကောင်း ကျိန်ဆဲဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ ငရဲဖြင့် လည်းကောင်း၊ သာသနာတော်ဖြင့်လည်းကောင်း ကျိန်ဆဲ၏ဟူသည် မှန်သလောဟု စိစစ် မေးမြန်းတော် မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည် မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ ငရဲဖြင့်လည်းကောင်း၊ သာသနာ တော်ဖြင့်လည်းကောင်း ကျိန်ဆဲဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၇၅။ ''အကြင် ဘိက္ခုနီမသည် မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း၊ ငရဲဖြင့်လည်းကောင်း၊ သာသနာတော်ဖြင့်လည်းကောင်း ကျိန်ဆဲငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မိမိကိုယ်ကိုဟူသည် ကိုယ့်ကိုယ်ကို။
သူတစ်ပါးကိုဟူသည် ရဟန်းဖြစ်သူကို
ငရဲဖြင့်လည်းကောင်း၊ သာသနာတော်ဖြင့်လည်းကောင်း ကျိန်ဆဲအံ့၊ ပါစိတ်အာပတ် သင့်၏။
၈၇၇။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ ငရဲဖြင့်လည်းကောင်း၊ သာသနာတော်ဖြင့်လည်း ကောင်း ကျိန်ဆဲအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ ငရဲဖြင့်လည်းကောင်း၊ သာသနာတော်ဖြင့်လည်းကောင်း ကျိန်ဆဲအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ငရဲဖြင့်လည်းကောင်း၊ သာသနာတော်ဖြင့် လည်းကောင်း ကျိန်ဆဲအံ့၊ ပါစိတ်အာပတ် သင့်၏။
တိရစ္ဆာန်အမျိုးဖြင့်လည်းကောင်း၊ ပြိတ္တာအမျိုးဖြင့်လည်းကောင်း၊ ဘုန်းကံမဲ့သူ လူအဖြစ်ဖြင့်လည်း ကောင်း ကျိန်ဆဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လူသာမဏေကို ကျိန်ဆဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၇၈။ အနက်ကို ရှေးရှုသော ဘိက္ခုနီမ၊ ပါဠိကို ရှေးရှုသော ဘိက္ခုနီမ၊ ဆုံးမခြင်းကို ရှေးရှုသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။