၈၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် ဒါယကာတစ်ဦး၏ အမြဲ ဆွမ်းဝတ်ရှိသော ဆရာဘိက္ခုနီမ ဖြစ်လေ၏။
ထိုအခါ ထိုဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထိုဒါယကာအိမ်သို့ ချဉ်းကပ်ပြီးလျှင်
နေရာထိုင်ခင်းပေါ်၌ ကောင်းစွာ ထိုင်ပြီးသော် အိမ်ရှင်တို့ကို မပန်ကြားဘဲ ပြန်သွားလေ၏။
ထိုဒါယကာ၏ ကျွန်မသည် အိမ်ကို တံမြက်လှည်းသည် ရှိသော် ထိုနေရာထိုင်ကို အိုးခွက်ကြား၌ ထည့်သွင်းထားလေ၏။
လူတို့သည် ထိုနေရာထိုင်ကို မမြင်သည် ရှိသော် ''အသျှင်မ ထိုနေရာထိုင်သည် အဘယ်မှာနည်း''ဟု ဘိက္ခုနီမအား မေးကုန်၏၊
ဒါယကာတို့ ငါသည် ထိုနေရာထိုင်ကို မမြင်မိပါဟု ဆို၏။
''အသျှင်မ ထိုနေရာထိုင်ကို ပေးပါလော့''ဟု ပြောဆို ရေရွတ်၍ ဆွမ်းဝတ်ကို ဖြတ်ကုန်၏။
ထို့နောက် ထိုလူတို့သည် အိမ်ကို သုတ်သင်သည်ရှိသော် ထိုနေရာထိုင်ကို အိုးခွက်ကြား၌ တွေ့ကြ၍ ထိုဘိက္ခုနီမကို ကန်တော့ပြီးလျှင် တည်မြဲဆွမ်းဝတ်ကို တည်ထားပြန်ကုန်၏။
ထိုအခါ ထိုဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားလေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် နံနက်အခါ၌ ဒါယကာတို့အိမ်သို့ ချဉ်းကပ်၍ နေရာ့ထိုင်၌ ထိုင်ပြီးလျှင်၊ အိမ်ရှင်တို့ကို မပန်ကြားဘဲ ဖဲသွားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် နံနက်အခါ၌ ဒါယကာတို့အိမ်သို့ ချဉ်းကပ်၍ နေရာထိုင်၌ ထိုင်ပြီးလျှင် အိမ်ရှင်တို့ကို မပန်ကြားဘဲ ဖဲသွား၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဘိက္ခုနီမသည် နံနက် အခါ၌ ဒါယကာတို့အိမ်သို့ ချဉ်းကပ်၍ နေရာထိုင်၌ ထိုင်ပြီးလျှင် အဘယ့်ကြောင့် အိမ်ရှင်တို့ကို မပန်ကြားဘဲ ဖဲသွားလေဘိသနည်း''၊
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၅၅။ ''အကြင် ဘိက္ခုနီမသည် နံနက်အခါ၌ ဒါယကာတို့အိမ်တို့သို့ ချဉ်းကပ်၍ နေရာထိုင်၌ ထိုင်ပြီးလျှင် အိမ်ရှင်တို့ကို မပန်ကြားဘဲ ဖဲသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နံနက်အခါ၌ မည်သည် အရုဏ်တက်သည်ကစ၍ မွန်းတည့်တိုင်အောင်သော အခါတည်း။
ဒါယကာ မည်သည် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲအားဖြင့် ဒါယကာလေးမျိုး ရှိကုန်၏။
ချဉ်းကပ်၍ဟူသည် ထိုအရပ်သို့ သွား၍။
နေရာထိုင် မည်သည် တင်ပျဉ်ခွေလောက်သော နေရာထိုင်ကို ဆိုလို၏။
ထိုင်ပြီးလျှင်ဟူသည် ထိုနေရာထိုင်၌ ထိုင်နေပြီး၍။
အိမ်ရှင်တို့ကို မပန်ကြားဘဲ ဖဲသွားငြားအံ့ဟူသည် ထိုအိမ်၌ နားလည်သော သူကို မပန်ကြားမူ၍ မိုးမစွတ်ရာအရပ် 'တံစက်မြိတ်'ကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏၊
လွင်တီးခေါင်၌ ဥပစာကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
၈၅၇။ မပန်ကြားရသေးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိသည် ဖြစ်၍ ဖဲသွားအံ့ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ယုံမှားရှိသည် ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြား ရသေးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိ၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
တင်ပျဉ်မခွေလောက်သော နေရာထိုင်၌ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၈၅၈။ ပန်ကြား၍ သွားအံ့၊ မရွေ့ပြောင်းနိုင်သော နေရာထိုင် ဖြစ်အံ့၊ နာဖျားသောသူ ဖြစ်အံ့၊ ဘေးရန်တို့ကြောင့် ဖြစ်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။