Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

6. Chaṭṭhasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၉၅၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် သူကြွယ်နှင့်လည်း ကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၅၆။ ''အကြင် ဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏ သားနှင့်လည်းကောင်း ရောနှော၍ နေငြားအံ့၊ ထိုဘိက္ခုနီမအား (အခြား) ဘိက္ခုနီမတို့က
'အသျှင်မ သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်း ကောင်း ရောနှော၍ မနေပါလင့်၊
အသျှင်မ လွတ်လွတ်ကင်းကင်း နေပါလော့၊
ညီမ၏ လွတ်လွတ်ကင်းကင်း နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏'ဟု ပြောဆို ဆုံးမ ရာ၏။
ဤသို့လျှင် ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့က ဆုံးမအပ်ပါလျက် ထိုရှေးနည်း အတူပင် ပြုမူငြားအံ့၊ ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့သည် ထို အယူကို စွန့်စေခြင်းငှါ သုံးကြိမ်တိုင်အောင် ကောင်းစွာ ဆုံးမရမည်၊
သုံးကြိမ် တိုင်အောင် ဆုံးမအပ်သည် ရှိသော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
၉၅၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရောနှော၍ မည်သည် မလျော်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ရောနှောလျက်။
သူကြွယ် မည်သည် အိမ်ကို စိုးအုပ်၍ နေသူ တစ်ယောက်ယောက်တည်း။
သူကြွယ်၏သား မည်သည် သားဖြစ်သူ ညီ အစ်ကိုဖြစ်သူ တစ်ယောက်ယောက်တည်း။
ထိုဘိက္ခုနီမကိုဟူသည် အကြင်ရောနှောသော ဘိက္ခုနီမကို။
ဘိက္ခုနီမတို့သည်ဟူသည် အခြားသော ဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''အသျှင်မ သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့် လည်းကောင်း ရောနှော၍ မနေပါလင့်၊ အသျှင်မ လွတ်လွတ်ကင်းကင်း နေပါလော့၊ ညီမ၏ လွတ်လွတ် ကင်းကင်းနေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲခေါ်၍ ''အသျှင်မ သူကြွယ်နှင့်လည်းကောင်း သူကြွယ်၏ သားနှင့်လည်းကောင်း ရောနှော၍ မနေပါလင့်၊ အသျှင်မ လွတ်လွတ်ကင်းကင်း နေပါလော့၊ ညီမ၏ လွတ်လွတ် ကင်းကင်း နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို ကောင်းစွာ ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊
ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၉၅၈။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏၊
ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊
သံဃာအားလျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမ သည့်သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏၊
ထိုဘိက္ခုနီမ သည် ထိုအယူကို မစွန့်၊
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ဆုံးမ၏၊
ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဆုံးမသည်ကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုနှစ်သက်သော အသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုမနှစ်သက်သော အသျှင်မသည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏၊
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏၊
ကမ္မဝါစာ၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။
၉၅၉။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၆၀။ ဉတ်ကမ္မဝါစာဖြင့် မဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။