၈၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘဒ္ဒကာပိလာနီ၏ အနီးနေ တပည့်ဖြစ်သော ဘိက္ခုနီမ ၏ ဆွေမျိုးဖြစ်သူ ယောက်ျားသည် (မိမိနေသော) ရွာငယ်မှ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်သာဝတ္ထိ ပြည်သို့ သွား၏။
ထိုအခါ ထိုဘိက္ခုနီမသည် ''မြတ်စွာဘုရားသည် ဖုံးကွယ်သော နေရာ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်ခြင်း စကားပြောခြင်းကို မြစ်တားတော်မူ၏''ဟု (နှလုံးသွင်း၍) ထိုယောက်ျားနှင့် အတူ လွင်တီးခေါင်၌ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် လွင်တီးခေါင်၌ ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်လေဘိသနည်း၊ စကားလည်း ပြောလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်လေဘိသနည်း၊ စကား လည်း ပြောလေဘိသနည်း''၊
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၄၇။ ''အကြင် ဘိက္ခုနီမသည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက် ချင်းချင်း ရပ်မူလည်း ရပ်ငြားအံ့၊ စကားမူလည်း ပြောငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
လွင်တီးခေါင် မည်သည် နံရံ တံခါးရွက် ဖျာ တင်းတိမ် ကန့်လန့်ကာ သစ်ပင် တိုင် ကဲလား တစ်ခုခုဖြင့် ဖုံးကွယ်ခြင်းမရှိသော အရပ်တည်း။
ယောက်ျား မည်သည် ဘီလူးယောက်ျား မဟုတ်။ ပြိတ္တာယောက်ျား မဟုတ်။ တိရစ္ဆာန်ယောက်ျား မဟုတ်။ ရပ်ခြင်း စကားပြောခြင်းငှါ စွမ်းနိုင်သော သိကြားလိမ္မာသော လူယောက်ျားတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ယောက်ျားသည်လည်းကောင်း၊ ဘိက္ခုနီမသည်လည်းကောင်း ဖြစ်၏။
ရပ်မူလည်း ရပ်ငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္ထပါသ်၌ ရပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
စကားမူလည်း ပြောငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္ထပါသ်အတွင်း၌ ရပ်လျက် ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
(နှစ်တောင့်ထွာ) ဟတ္ထပါသ်ကို စွန့်၍ ရပ်မူလည်း ရပ်အံ့၊ ပြောမူလည်း ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်နှင့်အတူ ရပ်မူလည်း ရပ်အံ့၊ ပြောမူလည်း ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၄၉။ သိကြားလိမ္မာသူ အဖော်တစ်ဦး ရှိအံ့၊ ဆိတ်ကွယ်ခြင်းကို မငဲ့အံ့၊ တခြားကို နှလုံးသွင်း၍ ရပ်မူလည်း ရပ်အံ့၊ စကားမူလည်း ပြောဆိုအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။