Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

8. Aṭṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ပုဏ္ဏားတစ်ယောက်သည် မင်း၏ အခွန်အတုတ်ကို (လက်ဝယ်) ထားရှိလျက် ''ထိုကြေးစားရာထူးကိုသာလျှင် တောင်းအံ့''ဟု (နှလုံးသွင်း၍) ဦးခေါင်းလျှော် ရေချိုးပြီးလျှင် ဘိက္ခုနီမတို့ ကျောင်းနားသို့ ကပ်၍ မင်းအိမ်သို့ သွားလေ၏။
ဘိက္ခုနီမတစ်ပါးသည် အိုးကင်း၌ ကျင်ကြီးကို စွန့်၍ နံရံတစ်ဖက်၌ စွန့်ပစ်လေသော် ထိုပုဏ္ဏား၏ ဦးခေါင်းပေါ်ကို လောင်းမိ လေ၏။
ထိုအခါ ထိုပုဏ္ဏားသည် ''
ဤဦးပြည်းမျိုးဖျက်မတို့သည် ဘိက္ခုနီမတို့ မဟုတ်ကုန်၊
အဘယ့်ကြောင့် ကျင်ကြီးအိုးကင်းဖြင့် ဦးခေါင်းပေါ်ကို လောင်းကုန်ဘိသနည်း၊
ဤမျိုးဖျက်မတို့၏ ကျောင်းကို မီးတိုက်အံ့''ဟု
မီးစကို ယူ၍ ကျောင်းတွင်းသို့ ဝင်၏။
ဥပါသကာတစ်ယောက်သည် ကျောင်းမှ ထွက်လာသည် ရှိသော် မီးစကို ကိုင်လျက် ကျောင်းတွင်းသို့ ဝင်လာသော ပုဏ္ဏားကို မြင်၍
''အချင်း သင်သည် အဘယ့်ကြောင့် မီးစကို ကိုင်၍ ကျောင်းတွင်းသို့ ဝင်ဘိသနည်း''ဟု မေး၏။
အချင်း အကျွန်ုပ်ကို ဤဦးပြည်းမျိုးဖျက်မတို့သည် ကျင်ကြီးအိုးကင်းဖြင့် ဦးခေါင်းကို ပစ်ခတ်ကုန်၏၊ ဤမျိုးဖျက်မတို့၏
ကျောင်းကို မီးတိုက်အံ့ဟု (ဆို၏)။
''အချင်းပုဏ္ဏား သွားချေ၊ ဤအမှုသည် ကောင်းမြတ်သော မင်္ဂလာတည်း၊
တစ်ထောင်သော ဆုလာဘ်ကို ရလတ္တံ့၊ ထိုကြေးစားရာထူးကိုလည်း ရလတ္တံ့''ဟု (ဆို၏)။
ထို့နောက် ထိုပုဏ္ဏားသည် ဦးခေါင်းလျော် ရေချိုး၍ မင်းအိမ်သို့ သွားသည် ရှိသော် တစ်ထောင် သော ဆုလာဘ်ကို ရလေ၏။ ထိုကြေးစားရာထူးကိုလည်း ရလေ၏။
ထိုအခါ ထိုဥပါသကာသည့်ကျောင်းတွင်းသို့ ဝင်၍ ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၍ ရေရွတ်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကျင်ကြီးကို နံရံတစ်ဖက်၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကျင်ကြီးကို နံရံတစ်ဖက်၌ စွန့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကျင်ကြီးကို နံရံတစ်ဖက်၌ စွန့်ကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၂၅။ ''အကြင် ဘိက္ခုနီမသည် ကျင်ကြီးကိုသော်လည်းကောင်း၊ ကျင်ငယ်ကိုသော်လည်းကောင်း၊ အမှိုက်ကိုသော်လည်းကောင်း၊ စားကြွင်းကိုသော် လည်းကောင်း၊ နံရံတစ်ဖက်၌သော်လည်းကောင်း၊ တံတိုင်းတစ်ဖက်၌သော်လည်း ကောင်း စွန့်မူလည်း စွန့်ငြားအံ့၊ စွန့်စေမူလည်း စွန့်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၂၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကျင်ကြီး မည်သည် မစင်ကို ဆို၏။
ကျင်ငယ် မည်သည် ဆီးကို ဆို၏။
အမှိုက် မည်သည် တံမြက်ချေးစုကို ဆို၏။
စားကြွင်း မည်သည် စားဖတ်တို့သည်လည်းကောင်း၊ အရိုးတို့သည်လည်းကောင်း၊ လုတ်ဆေးရေ သည်လည်းကောင်းတည်း။
နံရံ မည်သည် အုတ်နံရံ၊ ကျောက်နံရံ၊ သစ်သားနံရံဟူ၍ နံရံသုံးပါးတို့တည်း။
တန်တိုင်း မည်သည် အုတ်တံတိုင်း၊ ကျောက်တံတိုင်း၊ သစ်သားတံတိုင်းဟူ၍ တံတိုင်းသုံးပါး တို့တည်း။
နံရံတစ်ဖက်၌ဟူသည် နံရံ၏ ထိုမှာဖက် 'ပြင်ဖက်' တည်း။
တံတိုင်းတစ်ဖက်၌ဟူသည် တံတိုင်း၏ ထိုမှာဖက် 'ပြင်ဖက်' တည်း။
စွန့်ငြားအံ့ဟူသည် ကိုယ်တိုင်စွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
စွန့်စေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ကြိမ်တစ်ခါသာ စေခိုင်းပါလျက် အကြိမ်များစွာ စွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
၈၂၇။ ကြည့်ရှု၍ စွန့်အံ့၊ မသုံးဆောင်သော အရပ်၌ စွန့်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။