၁၀၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိတ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းမခံနိုင်ကုန်၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊
ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘော မရှိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း၊
ရဟန်းတို့ ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမသည် အချမ်း အပူ ဆာလောင် ခြင်း မွတ်သိတ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းခံနိုင်ခဲ၏၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသောစကားတို့ကိုလည်းကောင်း၊
ကိုယ်၌ဖြစ်ဆဲ ဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက် သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သောသဘော မရှိ။
ရဟန်းတို့ ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမသည်သာလျှင် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိတ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့တို့ကို သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊
ကိုယ်၌ ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သောသဘော ရှိ၏။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၉၁။ ''အကြင် ဘိက္ခုနီမသည် ယောက်ျားရဖူးသော တစ်ဆယ့်နှစ်နှစ် မပြည့် သေးသော မိန်းမကို ရဟန်းပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၉၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်နှစ် မပြည့်သေးသော မိန်းမ မည်သည် တစ်ဆယ့်နှစ်နှစ်သို့ မရောက်သေးသော မိန်းမတည်း။
ယောက်ျားရဖူးသောမိန်းမ မည်သည် ယောက်ျားတစ်ပါး သွားလာဖူးသော မိန်းမကို ဆိုလို၏။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုလုပ်ပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့ အားမူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၉၃။ တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်ပြည့်၏ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြု ပေးအံ့၊ အာပတ် မသင့်။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်မပြည့်သေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမ၌ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၉၄။ တစ်ဆယ့်နှစ်နှစ်မပြည့်သေးသော မိန်းမကို တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်း ပြုပေးအံ့၊ တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးသော မိန်းမကို တစ်ဆယ့်နှစ်နှစ်ပြည့်ပြီးဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား လည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။