Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

13. Terasamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၂၂၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတစ်ယောက်သည် ရင်လွှမ်းတဘက် မပါဘဲ ရွာသို့ ဆွမ်းခံဝင်၏။
ထိုဘိက္ခုနီမ၏ ဒုကုဋ်သင်္ကန်းတို့သည် ခရီးလမ်းမ၌ လေပွေတိုက်၍ လွင့်ပါးကုန်၏။
လူအပေါင်း တို့သည် ''အသျှင်မ၏ သားမြတ်တို့သည် လှပတင့်တယ်ကုန်၏''ဟု ကြွေးကြော်ကုန်၏။
ထိုဘိက္ခုနီမသည် ထိုလူတို့က ပြက်ရယ်ပြုကြသဖြင့် မျက်နှာမသာဖြစ်၏။
ထိုဘိက္ခုနီမသည် ကျောင်းသို့ သွားပြီးလျှင် (အခြား) ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ ဝင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ ဝင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ ဝင်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၂၅။ ''အကြင် ဘိက္ခုနီမသည် ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ ဝင်ငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၂၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရင်လွှမ်းတဘက်မပါဘဲဟူသည် ရင်လွှမ်းတန်ဆာနှင့် ကင်း၍။
ရင်လွှမ်းတဘက် မည်သည် ညှပ်ရိုးအောက် ချက်အထက်ကို ဖုံးလွှမ်းခြင်းငါှ (အသုံးပြုသော အဝတ် တည်း)။
ရွာသို့ ဝင်ငြားအံ့ဟူသည် အရံအတားရှိသော ရွာ၏ အရံအတားကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
အရံအတား မရှိသော ရွာ၏ ဥပစာသို့ သက်ဝင်သော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
၁၂၂၇။ သင်္ကန်းကို လုယက်ခံရသော ဘိက္ခုနီမ၊ သင်္ကန်းပျောက်သော ဘိက္ခုနီမ၊ နာဖျားသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ဘေးရန် တို့ကြောင့် ရင်လွှမ်းတဘက်မပါဘဲ ရွာသို့ဝင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တေရသမသိက္ခာပုဒ် ပြီး၏။
နဝမဆတ္တုပါဟနဝဂ် ပြီး၏။
အသျှင်မတို့ တစ်ရာ့ခြောက်ဆယ်ခြောက်ပါးသော ပါစိတ်အာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုပြီးပါ ကုန်ပြီ၊
ထိုတစ်ရာ့ခြောက်ဆယ်ခြောက်ပါးသော ပါစိတ်အာပတ်တို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်မတို့သည် ဤပါစိတ်အာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏။ ထို့ကြောင့် ဆိတ်ဆိတ်နေကုန်၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤစင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
ဘိက္ခုနီဝိဘင်း၌ ပါစိတ်အခန်း ပြီး၏။
၁။ ရဟန်းမိန်းမများနှင့်သာ ဆက်ဆံသောပါစိတ်-၉၆။ ရဟန်းယောက်ျားများနှင့်လည်း ဆက်ဆံသော ပါစိတ်-၇၀။ ပေါင်း ဘိက္ခုနီပါစိတ် ၁၆၆-ပါး ဖြစ်သည်။