၁၀၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်၏။
ဘိက္ခုနီမတို့သည် ''သိက္ခမာန်တို့ လာကြကုန်၊ ဤဝတ္ထုကို သိကုန်လော့၊ ဤဝတ္ထုကို ပေးကုန် လော့၊ ဤဝတ္ထုကို ဆောင်ခဲ့ကုန်လော့၊ ဤဝတ္ထုကို အလိုရှိ၏၊ ဤဝတ္ထုကို အပ်အောင် ပြုကုန်လော့''ဟု ဆိုကုန်၏။
(ထိုအခါ) ထိုဘိက္ခုနီမတို့က ''အသျှင်မတို့ အကျွန်ုပ်တို့သည် သိက္ခမာန်တို့မဟုတ်ကုန်၊ အကျွန်ုပ်တို့သည်ကား ဘိက္ခုနီမတို့သာတည်း''ဟု ပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကြကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသာ ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသာဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည် ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော် မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော သိက္ခမာန်အား ဝုဋ္ဌာန သမ္မုတိပေးခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့ ပေးရမည်။
နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော ထိုသိက္ခမာန်သည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်လျက် ဘိက္ခုနီမတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်မတို့ အကျွန်ုပ်သည် ဤအမည် ရှိပါ၏၊ ဤမည်သော အသျှင်မ၏ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သော သိက္ခမာန်ပါတည်း၊ အကျွန်ုပ်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့ သမုတ်ခြင်း'ကို တောင်းပန်ပါ၏''ဟု လျှောက်ရာ၏။
နှစ်ကြိမ်မြောက်လည်း တောင်းပန်ရ မည်။
သုံးကြိမ်မြောက် လည်း တောင်းပန်ရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၁၀၈၅။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန် သည် သံဃာအား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း' ကို တောင်း၏၊
သံဃာအား လျောက်ပတ် သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီး ဖြစ်သူ ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း'ကို ပေးရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော အသျှင်မ၏ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန်သည် သံဃာအား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း'ကို တောင်း၏၊
သံဃာသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့ သမုတ်ခြင်း'ကို ပေး၏၊
နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန်အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့ သမုတ်ခြင်း'ကို ပေးခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏။
သံဃာသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးဖြစ်သူ ဤမည်သော သိက္ခမာန် အား ဝုဋ္ဌာနသမ္မုတိ 'ရဟန်းပြုဖို့သမုတ်ခြင်း' ကို ပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်''ဟု (သိစေရမည်)။
ထိုအခါ မြတ်စွာဘုရားသည် ထိုဘိက္ခုနီမတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူ ပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၈၆။ ''အကြင် ဘိက္ခုနီမသည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ် ခြောက်ပါး ကျင့်ထားပြီး ဖြစ်၍ သံဃာက မသမုတ်ရသေးသော သိက္ခမာန်ကို ရဟန်း ပြုပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၈၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားတို့ ကာလပတ်လုံး။
ကျင့်ထားပြီးသော မည်သည် သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးသော။
မသမုတ်ရသေးသော မည်သည် ဉတ်လျှင် နှစ်ကြိမ်မြောက်သော ကံဖြင့် ပဉ္စင်းခံခြင်းငှါ သမ္မုတိ မပေးရသေးသော။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမ တို့အားမူကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၈၈။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၈၉။ နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါး ကျင့်ထားပြီးဖြစ်၍ ဤသံဃာက သမ္မုတိပေးထားပြီးသော သိက္ခမာန်ကို ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူး သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။