၁၁၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်၊
အတူနေ တပည့်မတို့သည်လည်း မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊ အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ ရဟန်းပြုပေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် တစ်ဆယ့်နှစ်ဝါ မရဘဲ ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၃၇။ ''အကြင် ဘိက္ခုနီမသည် တစ်ဆယ့်နှစ်ဝါ မရဘဲ (ဥပဇ္ဈာယ် ပြု၍) ရဟန်းပြု ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၃၈။ အကြင်ဟူသည် အကြင်သို့သဘော ရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တစ်ဆယ့်နှစ်ဝါ မရဘဲ မည်သည် တစ်ဆယ့်နှစ်ဝါသို့ မရောက်သေးသူတည်း။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်း ပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာ ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အား မူကား ဒုက္ကဋ်အာပတ် သင့်ကုန်၏။
၁၁၃၉။ တစ်ဆယ့်နှစ်ဝါပြည့်ပြီးမှ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစ လက်ဦး လွန်ကျူးေသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။