၉၇၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ပသေနဒီကောသလမင်းကြီး၏ ဥယျာဉ်တွင်းရှိ ပြတိုက် တော်၌ ဉာဏ်စွမ်းပြ ပန်းချီကားကို ပြုလုပ်စီရင်ထားသဖြင့်
များစွာသော လူတို့သည် ပြတိုက်ကို ကြည့် ရှုရန် သွားကုန်၏။
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည်လည်း ပြတိုက်တော်ကို ကြည့်ရှုရန် သွားကုန်၏။
လူတို့သည် ''အဘယ့် ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ ပြတိုက်တော်ကို ကြည့် ရှုရန် သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည်ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ပြတိုက်ကို ကြည့်ရှုရန် သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ပြတိုက်ကို ကြည့်ရှုရန် သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ပြတိုက်ကို ကြည့်ရှုရန် သွားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၇၈။ ''အကြင် ဘိက္ခုနီမသည် မင်းကွန်းကိုသော်လည်းကောင်း၊ ပြတိုက် ကိုသော်လည်းကောင်း၊ အရံကိုသော်လည်းကောင်း၊ ဥယျာဉ်ကိုသော်လည်းကောင်း၊ ရေကန်ကိုသော်လည်းကောင်း ကြည့်ရှုခြင်းငှါ သွားငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။