Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

6. Chaṭṭhasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၁၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အာရောဟန္တမည်သော အမတ်ကြီးသည် ရဟန်း ယောက်ျားတို့၏ အထံ၌ ရဟန်းပြု၍
ထိုအမတ်ကြီး၏ မယားဟောင်းသည်ကား ဘိက္ခုနီမတို့ အထံ၌ ဘိက္ခုနီမပြု၏။
ထိုစဉ်အခါ၌ ထိုရဟန်းသည် ထိုဘိက္ခုနီမထံ၌ ဆွမ်းစားခြင်းကို ပြု၏။
ထိုအခါ ဘိက္ခုနီမသည် ဆွမ်းစားနေဆဲဖြစ်သော ရဟန်းအား သောက်ရေခွက်ကိုင်ကာ ယပ်လေခပ်လျက် အနီး၌ တည်၍ စည်း လွန် ကမ်းလွန် 'သားပြော မယားပြော' ပြောဆို၏။
ထိုအခါ ထိုရဟန်းသည် ''နှမ ဤသို့ မပြုပါလင့်၊ ဤအမှုသည် မအပ်''ဟု ထိုဘိက္ခုနီမကို ပြစ်တင် မောင်းမဲ၏၊
''သင်သည် ရှေးက ငါ့ကို ထိုထို ဤဤ ပြုလုပ်ခဲ့ပါလျက် ယခုအခါ၌ကား ဤမျှလောက်ကိုပင် သည်းမခံနိုင်''ဟု သောက်ရေခွက်ဖြင့် ဦးခေါင်းကို ပေါက်ပြီးလျှင် ယပ်ဖြင့် ရိုက်နှက် ပုတ်ခတ်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ရဟန်းယောက်ျားအား ရိုက်နှက်ပုတ်ခတ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် ရဟန်းယောက်ျားအား ရိုက်နှက်ပုတ်ခတ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ရဟန်းယောက်ျားကို ရိုက်နှက်ပုတ်ခတ်လေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၁၆။ ''အကြင်ဘိက္ခုနီမသည် ဆွမ်းစားဆဲဖြစ်သော ရဟန်းယောက်ျားအား သောက်ရေဖြင့်သော်လည်းကောင်း၊ ယပ်လေခပ်သဖြင့်သော်လည်းကောင်း လုပ်ကျွေး ပြုစုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၁၈။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ သောက်ရေဖြင့်သော်လည်းကောင်း၊ ယပ်လေခပ် သဖြင့်သော်လည်းကောင်း လုပ်ကျွေးပြုစုငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ သောက်ရေဖြင့်သော်လည်းကောင်း၊ ယပ်လေခပ်သဖြင့်သော်လည်းကောင်း လုပ်ကျွေးပြုစုငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်း မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သောက်ရေဖြင့်သော်လည်းကောင်း၊ ယပ်လေခပ်သဖြင့်သော်လည်းကောင်း လုပ်ကျွေးပြုစုငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ဟတ္ထပါသ်ကို စွန့်၍ လုပ်ကျွေးပြုစုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခဲဖွယ်ကို ခဲသော ရဟန်းအား လုပ်ကျွေး ပြုစုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူအား လုပ်ကျွေးပြုစုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်း မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၁၉။ ပေးလှူအံ့၊ ပေးလှူစေအံ့၊ ရဟန်းမဟုတ်သူကို စေခိုင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။