Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

7. Sattamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၉၆၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ် အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကြသဖြင့် (သူတို့ကို) သေသောက်ကြူးတို့သည် ဖျက်ဆီးကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည် သွားလာဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၆၂။ ''အကြင် ဘိက္ခုနီမသည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ် သော ဘေးဘျမ်းနှင့် တကွဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည်မပါဘဲ ဒေသစာရီလှည့်လည် သွားလာငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၆၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
(မိမိ) နိုင်ငံအတွင်း၌ဟူသည် မိမိနေရင်း မင်း၏ နိုင်ငံ၌။
ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော မည်သည် ထိုလမ်းခရီး၌ ခိုးသူတို့၏ ဝင်ရာအရပ် စားရာအရပ် တည်ရာအရပ် ထိုင်ရာအရပ် အိပ်ရာအရပ်တို့သည် ထင်ရှားကုန်၏။
ဘေးဘျမ်းနှင့်တကွဖြစ်သော မည်သည် ထိုလမ်းခရီး၌ ခိုးသူတို့က လူတို့ကို သတ်ခြင်း လုယက်ခြင်း ပုတ်ခတ်ခြင်းတို့သည် ထင်ရှားကုန်၏။
အဖော်ကုန်သည်မပါဘဲ မည်သည် အဖော်ကုန်သည်နှင့် ကင်း၍။
ဒေသစာရီလှည့်လည်ငြားအံ့ဟူသည် ကြက်တစ်ပျံကျရာဖြစ်သော ရွာ၌ ရွာကြားတိုင်း ရွာကြားတိုင်း ပါစိတ်အာပတ် သင့်၏။
ရွာမရှိသော တောခရီး၌ ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၉၆၄။ အဖော်ကုန်သည်နှင့်တကွ သွားအံ့၊ ဘေးရန်မရှိသော အရပ် ကြောက်ရွံ့ဖွယ်မရှိသော အရပ်၌ သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။