၁၁၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာ ဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ပဉ္စင်းအဖြစ်ကို တောင်း၏၊
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုသိက္ခမာန်ကို
''အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက် ရဟန်းပြုမပေးချေ၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ချေ။
ထိုအခါ ထိုသိက္ခမာန်သည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့က ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက် ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း လုံ့လမပြုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက် ရဟန်းပြုမပေး၊ ရဟန်းပြု ပေးခြင်း ငှါလည်း ကြောင့်ကြ မစိုက်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီး၍ ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၅၁။ ''အကြင်ဘိက္ခုနီမသည် သိက္ခမာန်ကို
'အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့'ဟု ဆိုပြီး နောက် ထိုဘိက္ခုနီမသည် နောက်၌ အန္တရာယ်မရှိဘဲ (ဥပဇ္ဈာယ်ပြု၍) ရဟန်းပြု မပေးငြားအံ့၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမ အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
အသျှင်မ သင်သည် အကယ်၍ ငါ့အား သင်္ကန်းကို ပေးပါလျှင် သင့်ကို ငါရဟန်း ပြုပေးအံ့ဟူသည် ဤသို့ သင်္ကန်းပေးမူ သင့်ကို ငါ ပဉ္စင်းခံပေးအံ့။
ထိုဘိက္ခုနီမသည် နောက်၌ အန္တရာယ်မရှိဘဲဟူသည် အန္တရာယ်မရှိခဲ့သော်။
ရဟန်းပြုမပေးငြားအံ့၊ဟူသည် ကိုယ်တိုင် ရဟန်းပြုမပေးငြားအံ့။
ရဟန်းပြုပေးခြင်းငှါ ကြောင့်ကြမစိုက်ငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''ရဟန်းပြုမပေးတော့အံ့၊ ရဟန်းပြုပေးခြင်းငှါလည်း လုံ့လမပြုတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၅၃။ အန္တရာယ် ရှိအံ့၊ ရှာဖွေမရအံ့၊ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။