Issues
選擇版本
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyapārājikaṃ

作者: my-tipitaka @ visuddhinanda

၆၆၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌရဟန်းသို့ အစဉ်လိုက်၏။
အလိုနည်းသော ဘိက္ခုနီမတု့ိသည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌရဟန်းသို့ အစဉ်လိုက်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ် မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌရဟန်းသို့ အစဉ်လိုက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အဘယ့်ကြောင့် ညီညွတ်သော သံဃာက နှင်ထုတ်ထားသော လင်းတသတ်မျိုး၌ ဖြစ်ဖူးသည့် အရိဋ္ဌ ရဟန်းသို့ အစဉ်လိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာပြုမိသော အမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၆၉။ ''အကြင်ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သော သဘော, ဝိနည်း, မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ'ဖြင့် နှင်ထုတ်ထားသော ရိုသေခြင်း မရှိသော မသွင်းရသေးသော အပေါင်းအဖော်မပြုရသေးသော ထိုရဟန်း သို့ အတုလိုက်၍ ကျင့်ငြားအံ့၊
ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့က 'အသျှင်မ ဤရဟန်းကို ညီညွတ်သော သံဃာကဟုတ်မှန်သော သဘော, ဝိနည်း, မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထား၏၊ ဤ ရဟန်းသည် ရိုသေခြင်း မရှိ၊ ဤ ရဟန်းကို (သံဃာ့ဘောင်သို့) မသွင်းရသေး၊ အပေါင်းအဖော် မပြုရသေး၊ အသျှင်မ ဤရဟန်းကို အတုလိုက်၍ မကျင့်ပါလင့်'ဟု ပြောဆိုရာ၏။
ဤသို့လျှင် ထိုဘိက္ခုနီမသည် (အခြား) ဘိက္ခုနီမတို့က ပြောဆို ထားပါလျက် ရှေးနည်း အတူသာလျှင် ချီးမြှောက်ငြားအံ့၊ ထိုဘိက္ခုနီမကို (အခြား) ဘိက္ခုနီမတို့က ထိုအယူကို စွန့်စေခြင်းငှါ သုံးကြိမ် တိုင်အောင် ဆိုဆုံးမရမည်၊
သုံးကြိမ်တိုင်အောင် ဆိုဆုံးမသည်ရှိသော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း နှင်ထုတ်ထားသော ရဟန်းသို့ အတုလိုက်ကျင့်သည် ဖြစ်၍ (ဥက္ခိတ္တာနုဝတ္တိကာ မည်သော) ပါရာဇိက အာပတ်သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြ စေကုန်လော့ဟု မိန့်တော်မူ၏)။
၆၇၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။
ညီညွတ်သော သံဃာ မည်သည် တူသော ပေါင်းသင်းခြင်းရှိသော, တစ်သိမ်တည်း၌ တည်သော သံဃာတည်း။
နှင်ထုတ်ထားသော ရဟန်း မည်သည် အာပတ်ကို မရှုခြင်း၊ မကုစားခြင်း၊ မိစ္ဆာအယူကို မစွန့်ခြင်း တို့ကြောင့် နှင်ထုတ်ထားသော ရဟန်းတည်း။
ဟုတ်မှန်သော သဘော, ဝိနည်းဖြင့်ဟူသည် အကြင်ဟုတ်မှန်သော တရားသဘောဖြင့်, အကြင် စောဒနာ သာရဏာဝိနည်းဖြင့်။
မြတ်စွာဘုရား အာဏာတော် 'ဉတ်ကမ္မဝါစာ'ဖြင့်ဟူသည် မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရား၏ အာဏာတော်ဟူသော ဉတ်ကမ္မဝါစာ၊ သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား ၏ အာဏာတော်ဟူသော ဉတ်ကမ္မဝါစာဖြင့်။
ရိုသေခြင်းမရှိ မည်သည် သံဃာကိုလည်းကောင်း၊ ဂိုဏ်းကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း၊ ကံကိုလည်းကောင်း မရိုသေ။
မသွင်းရသေးသော မည်သည် ဥက္ခေပနီယကံဖြင့် နှင်ထုတ်ထား၍ သံဃာ့ဘောင်သို့ မသွင်းအပ် သေးသော ရဟန်းတည်း။
အပေါင်းအဖော် မပြုရသေးသော မည်သည် အတူပေါင်းသင်းနေထိုင်ကုန်သော ရဟန်းတို့ကို အပေါင်းအဖော်ဟု ဆိုအပ်ကုန်၏၊
ထိုပေါင်းဖော်ခြင်းသည် ထိုရဟန်းတို့နှင့် အတူတကွ (ထိုရဟန်းအား) မရှိ။ ထို့ကြောင့် အပေါင်းအဖော်မပြုရသေးဟု ဆိုရ၏။
ထိုရဟန်းသို့ အတုလိုက်၍ ကျင့်ငြားအံ့ဟူသည် ထိုနှင်ထုတ်ခံရသော ရဟန်းသည် အကြင်သို့သော အယူရှိ၏၊ အကြင်သို့သော နှစ်သက်ခြင်း ရှိ၏၊ အကြင်သို့သော အလိုရှိ၏၊ ထိုဘိက္ခုနီမသည်လည်း ထိုသို့သော အယူရှိ၏၊ ထိုသို့သော နှစ်သက်ခြင်း ရှိ၏၊ ထိုသို့သော အလိုရှိ၏။
ထိုဘိက္ခုနီမသည်ဟူသည် အကြင်ဥက္ခေပနီယကံဖြင့် နှင်ထုတ်ထားသော ရဟန်းသို့ အတုလိုက်၍ ကျင့်သော ဘိက္ခုနီမတည်း။
ဘိက္ခုနီမတု့ိသည်ဟူသည် အခြားသော ဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ထိုဘိက္ခုနီမတို့သည် ''အသျှင်မ ဤရဟန်းကို ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထား၏၊ ဤရဟန်းသည် ရိုသေခြင်းမရှိ၊ မသွင်းအပ်သေး၊ အပေါင်းအဖော်မလုပ်ရသေး၊ အသျှင်မ ဤရဟန်းသို့ အတုလိုက်၍ မကျင့်ပါလင့်''ဟု ပြောဆိုရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊
သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊
အကယ်၍ စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ ဤရဟန်းကို ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား၏ အာဏာတော် 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထား၏၊ ဤရဟန်းသည် ရိုသေခြင်းမရှိ၊ ဤရဟန်းကို မသွင်းရသေး၊ အပေါင်းအဖော်မပြုရသေး၊ အသျှင်မသည် ထိုရဟန်းသို့ အတုလိုက်၍ မကျင့်ပါလင့်''ဟု ပြောဆိုရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်၊
သုံးကြိမ်မြောက်လည်း ပြောဆိုရမည်၊
အကယ်၍ စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို ကောင်းစွာ ဆိုဆုံးမရမည်၊
ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ဆိုဆုံးမရမည်၊
ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၆၇၁။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား အာဏာ တော်ဟူသော 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထားသော ရိုသေခြင်းမရှိသော မသွင်းရသေးသော အပေါင်းအဖော် မပြုရသေးသော ထိုရဟန်းသို့ အတုလိုက်၍ ကျင့်၏၊ ထိုဘိက္ခုနီမသည် ထိုဝတ္ထုကို မစွန့်၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုဝတ္ထုကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် ညီညွတ်သော သံဃာကဟုတ်မှန်သောသဘော, ဝိနည်း, မြတ်စွာဘုရား၏ အာဏာတော်ဟူသော 'ဉတ်ကမ္မဝါစာ' ဖြင့် နှင်ထုတ်ထားသော ရိုသေခြင်းမရှိသော မသွင်းရသေး သော အပေါင်းအဖော် မပြုလုပ်ရသေးသော ထိုရဟန်းသို့ အတုလိုက်၍ ကျင့်၏၊
ထိုဘိက္ခုနီမ သည် ထိုဝတ္ထုကို မစွန့်၊
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ 'ဉတ်ကမ္မဝါစာ' ဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊
အကြင်အသျှင်မအား ဤမည်သော ဘိက္ခုနီမကို ထို ဝတ္ထုကို စွန့်ခြင်းငှါ ဆိုဆုံးမခြင်းကို နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်မသည် ပြောဆိုရာ၏၊
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤ နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္က္ကဋ်အာပတ် သင့်၏။ ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။ ကမ္မဝါစာအဆုံး၌ကား ပါရာဇိကအာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးဖြစ်သော ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို ထောက် ၍ ဆိုအပ်၏။
ပါရာဇိကအာပတ် သင့်၏ဟူသည် ဥပမာအားဖြင့် ထူထဲကြီးမားသော ကျောက်ဖျာကြီးသည် နှစ်ဖျာနှစ်စိတ် ကွဲသည်ရှိသော် တစ်ဖန်ပြန်၍ မစပ်နိုင်သကဲ့သို့၊ ဤအတူသာလျှင် ဘိက္ခုနီမသည် သုံးကြိမ်မြောက်အောင် 'ဉတ်ကမ္မဝါစာ' ဖြင့် ဆိုဆုံးမသည်ရှိသော် အယူကို မစွန့်အံ့၊ ဘိက္ခုနီမ မဟုတ် တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊ ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်း သို့ ရောက်၏ဟု ဆိုရ၏။
ဘိက္ခုနီမ ကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်း မည်သည် အတူတကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊
ဤ အလုံးစုံသည် ပေါင်းသင်းခြင်းမည်၏။
ထိုပေါင်းသင်းခြင်းသည် ထိုဘိက္ခုနီမနှင့် အတူ မရှိတော့ပေ၊
ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။
၆၇၂။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါရာဇိကအာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါရာဇိကအာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိ သည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါရာဇိကအာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၆၇၃။ ဉတ်ကမ္မဝါစာဖြင့် မဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ ။ပ။ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား အာပတ် မသင့်။
တတိယ ပါရာဇိကသိက္ခာပုဒ် ပြီး၏။