၁၁၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြု ပေးသော ဆရာမ 'ဥပဇ္ဈာယ်' နောက်သို့ မလိုက်ကုန်။
ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ မကျွမ်းကျင်ကုန်၊
အပ် မအပ်ကိုလည်း မသိကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်း ပြုပေးသော ဆရာမနောက်သို့ မလိုက်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။
ရဟန်းတို့ ဘိက္ခုနီမတို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြုပေးသော ဆရာမနောက်သို့ မလိုက် ကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြုပေးသော ဆရာမနောက်သို့ မလိုက်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၁၂။ ''အကြင် ဘိက္ခုနီမသည် နှစ်နှစ်တို့ပတ်လုံး ရဟန်းပြု ပေးသော (ဥပဇ္ဈာယ်) ဆရာမနောက်သို့ မလိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၁၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်းပြုပေးသောဟူသည် ပဉ္စင်းခံပေးသော ရဟန်းမိန်းမတည်း။
ဆရာမ မည်သည် ဥပဇ္ဈာယ်ဆရာမကို ဆိုလို၏။
နှစ်နှစ်တို့ပတ်လုံးဟူသည် နှစ်နှစ်အပိုင်းအခြားရှိသော ကာလတို့ပတ်လုံး။
နောက်သို့မလိုက်ငြားအံ့ဟူသည် ကိုယ်တိုင် မလုပ်ကျွေးငြားအံ့။
''နှစ်နှစ်တို့ပတ်လုံး မလုပ်ကျွေးတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၁၄။ ဥပဇ္ဈာယ်မသည် မိုက်မဲသူသော်လည်းဖြစ်စေ အလဇ္ဇီသော်လည်းဖြစ်စေ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။