Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Dutiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၇၉၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကျဉ်းမြောင်း 'လျှို့ဝှက်' ရာ အရပ်၌ အမွေးကို ပယ်နုတ်စေ၍ အစိရဝတီမြစ်၌ ပြည့်တန်ဆာမတို့နှင့်အတူ ရေချိုးဆိပ်တစ်ခုတည်း၌ (အဝတ်မဆီး) အချည်းနှီး ရေချိုးကုန်၏။
ပြည့်တန်ဆာမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ကျဉ်းမြောင်း 'လျှို့ဝှက်' ရာအရပ်၌ အမွေးကို ပယ်နုတ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုပြည့်တန်ဆာမတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကျဉ်းမြောင်း 'လျှို့ဝှက်' ရာအရပ်၌ အမွေးကို ပယ်နုတ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကျဉ်းမြောင်း 'လျှို့ဝှက်' ရာအရပ်၌ အမွေးကို ပယ်နုတ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ကျဉ်းမြောင်း 'လျှို့ဝှက်' ရာအရပ်၌ အမွေးကို ပယ်နုတ်စေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၉၉။ ''အကြင် ဘိက္ခုနီမသည် ကျဉ်းမြောင်း 'လျှို့ဝှက်' ရာအရပ်၌ အမွေးကို ပယ်နုတ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၀၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကျဉ်းမြောင်းလျှို့ဝှက်ရာအရပ် မည်သည် လက်ကတီး 'ချိုင်းကြား'နှစ်ဖက်တို့သည်လည်းကောင်း၊ ကျင်ငယ် စွန့်ရာအင်္ဂါသည်လည်းကောင်းတည်း။
ပယ်နုတ်စေငြားအံ့ဟူသည် အမွေးတစ်ပင်ကိုသော်လည်း ပယ်နုတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
အမွေးများစွာတို့ကိုသော်လည်း ပယ်နုတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၈၀၁။ အနာဟူသော အကြောင်းကြောင့် ပယ်နုတ်စေအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။