问题
选择版本
my-tipitaka
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

7. Sattamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၇၆၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဥပါသကာတို့သည် ဘိက္ခုနီသံဃာ၏ သင်္ကန်းအလို့ငှါ သဘောတူ စုဆောင်းပြီးနောက် အထည်သည်တစ်ဦး၏ အိမ်၌ ပရိက္ခရာကို ထားပြီးလျှင် ဘိက္ခုနီမတို့ ထံသို့ ချဉ်းကပ်ပြီး၍ ''အသျှင်မတို့ ဤမည်သော အထည်သည်၏ အိမ်၌ သင်္ကန်းအလို့ငှါ ပရိက္ခရာကို ထားပြီးပါပြီ၊ ထိုအိမ်မှ သင်္ကန်းကို ဆောင်ယူစေ၍ ခွဲဝေကုန်လော့''ဟု လျှောက်ကြကုန်၏။
ဘိက္ခုနီမတို့သည် ထိုပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း ဆေးကို ဝယ်စေပြီးလျှင် သုံးဆောင်ကုန်၏။
ဥပါသကာတို့သည် သိ၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း၊ အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့် လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်း သော ပရိက္ခရာဖြင့်လည်းကောင်း အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၆၄။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်းကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်း ကောင်း အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
၇၆၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။
သံဃိကဟူသည် သံဃာအား လှူသော ပစ္စည်းတည်း၊ ဂိုဏ်းအား လှူသော ပစ္စည်း မဟုတ်၊ ဘိက္ခုနီမတစ်ယောက်အား လှူသောပစ္စည်း မဟုတ်။
ကိုယ်တိုင် တောင်းသောဟူသည် ကိုယ်တိုင် တောင်း၍။
အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍လှူသော ပစ္စည်းဝတ္ထုမှတစ်ပါး အခြားပစ္စည်း ဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏၊
ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်း ကောင်း စွန့်ရမည်။
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။ ''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော သံဃိကပရိက္ခရာဖြင့်လည်း ကောင်း၊ ကိုယ်တိုင်တောင်းသော ပရိက္ခရာဖြင့်လည်းကောင်း အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ် ပါ၏၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၆၆။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ် ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၆၇။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။