问题
选择版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

6. Chaṭṭhasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၁၁၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် ဘိက္ခုနီသံဃာသို့ ချဉ်းကပ် ပြီးလျှင် ဝုဋ္ဌာပနသမ္မုတိကို တောင်း၏။
ထိုအခါ ဘိက္ခုနီသံဃာက ပိုင်းခြား (နှိုင်းချိန်) ပြီးနောက်
''အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး''ဟု (ဆိုလျက်) ထိုစဏ္ဍကာဠီ ဘိက္ခုနီမအား ဝုဋ္ဌာပနသမ္မုတိကို မပေးဘဲ နေ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ''ကောင်းပါပြီ''ဟု ဝန်ခံလေ၏။
ထိုစဉ်အခါ၌ ဘိက္ခုနီသံဃာသည် အခြားဘိက္ခုနီမတို့အား ဝုဋ္ဌာပနသမ္မုတိကို ပေးလေ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ''ငါသာလျှင် မိုက်သလော၊ ငါသာလျှင် အလဇ္ဇီမ, လော၊ သံဃာသည် ငါမှ တစ်ပါး အခြားဘိက္ခုနီမတို့အားမူကား ဝုဋ္ဌာပနသမ္မုတိကို ပေး၏။ ငါ့အားသာလျှင် ဝုဋ္ဌာပနသမ္မုတိကို မပေးဘဲ နေဘိ၏''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် 'အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး'ဟု ဆိုသည် ရှိသော် ကောင်းပါပြီဟု ဝန်ခံလျက် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသို့ ရောက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် 'အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး'ဟု ဆိုအပ်သည် ရှိသော် ကောင်းပါပြီဟု ဝန်ခံပြီးလျှင် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည်
'အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မတော်သေး'ဟု ဆိုအပ်သည်ရှိသော် ကောင်းပါပြီဟု ဝန်ခံပြီးလျက် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသဘောသို့ ရောက်ဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၄၇။ ''အကြင် ဘိက္ခုနီမသည်
'အသျှင်မ သင်သည် ဥပဇ္ဈာယ် ပြုလုပ်ရန် မသင့်တော်သေး'ဟု ဆိုသည်ရှိသော် ''ကောင်းပါပြီ''ဟု ဝန်ခံပြီးလျက် နောက်မှ ကဲ့ရဲ့ရှုတ်ချခြင်း သဘောသို့ ရောက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အသျှင်မ သင်သည် ဥပဇ္ဈာယ်ပြုလုပ်ရန် မသင့်တော်သေးဟူသည် အသျှင်မ သင်သည် ဥပဇ္ဈာယ် ပြုလုပ်ရန် မသင့်တော်သေး'ဟု ဆိုအပ်သည် ရှိသော်
''ကောင်းပါပြီ''ဟု ဝန်ခံပြီးလျက် နောက်မှ ကဲ့ရဲ့ ရှုတ်ချခြင်းသို့ ရောက်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၁၄၉။ ပင်ကိုယ်အားဖြင့် ချစ်ခြင်း မုန်းခြင်း မသိခြင်း ကြောက်ခြင်းတို့ကြောင့် (ဥပဇ္ဈာယ်လုပ်မှု) ပြုသောသူကို ကဲ့ရဲ့ ရှုတ်ချအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။