问题
选择版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

6. Chaṭṭhasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၁၂၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် (အနံ့ဖြင့်) ထုံထားသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးကြကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ ကဲ့သို့ (အနံ့ဖြင့်) ထုံထားသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် (အနံ့ဖြင့်) ထုံထားသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြော ဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် (အနံ့ဖြင့်) ထုံထားသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် (အနံ့ဖြင့်) ထုံထားသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၀၃။ ''အကြင် ဘိက္ခုနီမသည် (အနံ့ဖြင့်) ထုံထားသော နှမ်းမှုန့်ညက်ဖြင့် ရေချိုးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
၁၂၀၅။ အနာဟူသော အကြောင်းကြောင့် အာပတ် မသင့်၊ ပြကတေ့နှမ်းမှုန့်ဖြင့် ရေချိုးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။