Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamapāṭidesanīyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

အသျှင်မတို့ ဤရှစ်ပါးသော ပါဋိဒေသနီအာပတ်တို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၁၂၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ထောပတ်ကို တောင်း၍ သုံးဆောင်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ထောပတ်ကို တောင်း၍ သုံးဆောင်ကုန်ဘိသနည်း၊ အဘယ်သူသည် ချိုမြိန်သောအရသာကို မနှစ်သက်ဘဲ ရှိအံ့နည်း၊ အဘယ်သူသည် သာယာ ဖွယ်ဖြစ်သော အရသာကို မမြိန်ရှက်ဘဲ ရှိအံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ထောပတ်ကို တောင်း၍ သုံးဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ထောပတ်ကို တောင်း၍ သုံးဆောင်ကြကုန်၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ထောပတ်ကို တောင်း၍ သုံးဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင် ဘိက္ခုနီမသည် ထောပတ်ကို တောင်း၍ သုံးဆောင်ငြားအံ့၊ ထိုဘိက္ခုနီမသည် 'အသျှင်မတို့ အကျွန်ုပ်သည် ကဲ့ရဲ့အပ် မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၂၂၉။ ထိုအခါ ဘိက္ခုနီမတို့သည် နာဖျားကုန်၏၊
သူနာမေးသော ဘိက္ခုနီမတို့သည် နာဖျားသော ဘိက္ခုနီမတို့ကို ''အသျှင်မတို့ ကျန်းမာကြပါ၏လော၊ မျှတကြပါ၏လော''ဟု မေးကြကုန်၏။
အသျှင်မတို့ အကျွန်ုပ်တို့သည် ရှေးအခါ၌ ထောပတ်ကို တောင်း၍ စားကြကုန်၏၊ ထို့ကြောင့် အကျွန်ုပ်တို့အား ချမ်းသာမှုဖြစ်ပါ၏၊
သို့ရာတွင် ယခုအခါ၌ ''မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍ မတောင်းကြပါကုန်၊ ထို့ကြောင့် အကျွန်ုပ် တို့အား ကျန်းမာမှု မဖြစ်ပါဟု ဆိုကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ နာဖျားသော ဘိက္ခုနီမအား ထောပတ်ကို တောင်း၍ သုံးဆောင်စေခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၃၀။ ''အကြင် ဘိက္ခုနီမသည် မနာမဖျားဘဲ ထောပတ်ကိုတောင်း၍ သုံးဆောင်ငြားအံ့၊ ထိုဘိက္ခုနီမသည် 'အသျှင်မတို့ အကျွန်ုပ်သည် ကဲ့ရဲ့အပ် မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်''
ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၃၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မနာမဖျားဘဲဟူသည် ထောပတ်နှင့်ကင်း၍ ချမ်းသာမှုဖြစ်၏။
နာဖျား မည်သည် ထောပတ်နှင့်ကင်း၍ ချမ်းသာမှုမဖြစ်။
ထောပတ် မည်သည် နွားနို့ထောပတ် ဆိတ်နို့ထောပတ် ကျွဲနို့ထောပတ် အသားအပ်သော သတ္တဝါ တို့မှဖြစ်သော ထောပတ်တည်း။
မနာမဖျားဘဲ မိမိ၏အကျိုးငှါ တောင်းအံ့၊ ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် ''သုံးဆောင်မည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။
၁၂၃၂။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်ရှိသည်ဖြစ်၍ ထောပတ်ကို တောင်း၍ သုံးဆောင်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
မနာမဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ ထောပတ်ကို တောင်း၍ သုံးဆောင်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ ထောပတ်ကို တောင်း၍ သုံးဆောင်အံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
နာဖျားလျက် မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
နာဖျားလျက် နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၂၃၃။ နာဖျားသော ဘိက္ခုနီမအား အာပတ် မသင့်၊ နာဖျားစဉ်က ထောပတ်ကို တောင်းပြီးလျှင် မနာမဖျားသောအခါ စားအံ့၊ သူနာမ၏ စားကြွင်းကို စားအံ့၊ ဆွေမျိုးတော်သူ ပင့်ဖိတ်သူတို့၏ အထံမှ တောင်း၍ စားအံ့၊ သူတစ်ပါးအကျိုးငှါ တောင်းအံ့၊ မိမိဥစ္စာဖြင့် ဝယ်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမပါဋိဒေသနီသိက္ခာပုဒ် ပြီး၏။