Issues
選擇版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၁၁၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ထီး ဖိနပ်ကို ဆောင်ကုန်၏ 'ဖိနပ်စီး ထီးဆောင်းကြကုန်၏'။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ ထီး ဖိနပ်ကို ဆောင်ကုန် 'ဖိနပ်စီး ထီးဆောင်းကြကုန်' ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ထီးဖိနပ်ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ထီး ဖိနပ် ကို ဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ထီး ဖိနပ် ကို ဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင် ဘိက္ခုနီမသည် ထီး ဖိနပ် ကို ဆောင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၁၇၉။ ထိုစဉ်အခါ၌ ဘိက္ခုနီမတစ်ယောက်သည် နာဖျား၏၊
ထိုဘိက္ခုနီမအား ထီး ဖိနပ်နှင့် ကင်း၍ ချမ်းသာမှုမဖြစ်သောကြောင့် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ နာဖျားသော ဘိက္ခုနီမအား ထီး ဖိနပ် ကို ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၈၀။ ''အကြင် ဘိက္ခုနီမသည် မနာမဖျားဘဲ ထီး ဖိနပ်ကို ဆောင် 'ဖိနပ်စီး ထီးဆောင်း' ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၈၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မနာမဖျားဘဲ မည်သည် အကြင်ဘိက္ခုနီမအား ထီး ဖိနပ်နှင့် ကင်း၍ ချမ်းသာခြင်း ဖြစ်၏။
နာဖျား မည်သည် အကြင်ဘိက္ခုနီမအား ထီး ဖိနပ်နှင့် ကင်း၍ မချမ်းသာ။
ထီး မည်သည် ဝါးခြမ်းစိတ်တို့ဖြင့် ဝန်းဝိုင်းစွာ ခရိုင်ဖွဲ့ထားသော ထီးဖြူ၊ ဖျာထီး၊ သစ်ရွက်ထီး အားဖြင့် ထီးသုံးမျိုး ရှိ၏။
ဆောင်ငြားအံ့ဟူသည် တစ်ကြိမ်တစ်ခါပင် ဆောင်သော်လည်း ပါစိတ်အာပတ် သင့်၏။
၁၁၈၂။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်ရှိသည်ဖြစ်၍ ထီး ဖိနပ်ကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ ထီး ဖိနပ်ကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ ထီး ဖိနပ်ကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထီးကိုသာ ဆောင်၍ ဖိနပ်ကို မဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖိနပ်ကိုသာ ဆောင်၍ ထီးကို မဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
နာဖျားလျက် နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၁၈၃။ နာဖျားသော ဘိက္ခုနီမအား အာပတ် မသင့်၊ အရံ၌လည်းကောင်း၊ အရံ၏ ဥပစာ၌ လည်းကောင်း ဆောင်အံ့၊ အာပတ် မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။