Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမနှစ်ဦးတို့သည် မမွေ့လျော်သဖြင့် တိုက်ခန်း သို့ ဝင်ပြီးလျှင် (မိန်းမကိုယ်) အပြင်ကို ပုတ်ခတ်ကုန်၏။
ဘိက္ခုနီမတို့သည် အသံကြောင့် ပြေးလာ၍ ''အသျှင်မတို့ သင်တို့သည် အဘယ့်ကြောင့် ယောက်ျားနှင့်အတူ ကျူးလွန်ပျော်ပါးကုန်ဘိသနည်း''ဟု ထိုဘိက္ခုနီမတို့အား ဆိုကုန်၏။
''အသျှင်မတို့ အကျွန်ုပ်တို့သည် ယောက်ျားနှင့်အတူ မကျူးလွန် မပျော် ပါးပါကုန်''ဟု (ဆို၍)
ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် (မိန်းမကိုယ်) အပြင်ကို ပုတ်ခတ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် (မိန်းမကိုယ်) အပြင်ကို ပုတ်ခတ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် (မိန်းမကိုယ်) အပြင်ကို ပုတ်ခတ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၀၃။ ''(မိန်းမကိုယ်) အပြင်ကို ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၀၄။ (မိန်းမကိုယ်) အပြင်ကို ပုတ်ခတ်ခြင်း မည်သည် အတွေ့ကို သာယာနှစ်သက်သည် ဖြစ်၍ အယုတ်အားဖြင့် ကြာရွက်ဖြင့်သော်လည်း ကျင်ငယ်စွန့်ရာ အင်္ဂါ၌ ပုတ်ခတ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၈၀၅။ အနာဟူသော အကြောင်းကြောင့် ပုတ်ခတ်ငြားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။