၆၉၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သုန္ဒရီနန္ဒာဘိက္ခုနီမသည် အဆင်းလှ၍ ရှုချင်ဖွယ် ကြည်ညိုဖွယ် ရှိ၏။
လူတို့သည် ဆွမ်းစားဇရပ်၌ သုန္ဒရီနန္ဒာဘိက္ခုနီမကို မြင်၍ ရာဂစိုစွတ်သည် ဖြစ်၍ ရာဂစိုစွတ်သော သုန္ဒရီနန္ဒာဘိက္ခုနီမအား အလွန်ကောင်းမွန်သော ဘောဇဉ်တို့ကို ပေးလှူကုန်၏။
သုန္ဒရီနန္ဒာဘိက္ခုနီမသည် အလိုရှိသလောက် သုံးဆောင်ရ၍
အခြားဘိက္ခုနီမတို့ကား စိတ်တိုင်းကျ မရကုန်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မသုန္ဒရီနန္ဒာသည် ရာဂစိုစွတ်လျက် ရာဂစိုစွတ်သော ယောက်ျားပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲလေဘိသနည်း စားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သုန္ဒရီနန္ဒာဘိက္ခုနီမသည် ရာဂစိုစွတ်လျက် ရာဂစိုစွတ်သော ယောက်ျားပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲ၏ စား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် သုန္ဒာရီ နန္ဒာသည် ရာဂစိုစွတ်လျက် ရာဂစိုစွတ်သော ယောက်ျားပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲလေဘိသနည်း၊ စားလေဘိသနည်း။
ရဟန်းတို့ ဤ (သုန္ဒရီနန္ဒာပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၀၀။ ''အကြင်ဘိက္ခုနီမသည် ရာဂစိုစွတ်သည်ဖြစ်၍ ရာဂစိုစွတ်သော ယောက်ျား ပုဂ္ဂိုလ်၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၀၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရာဂစိုစွတ်သည် ဖြစ်၍ မည်သည် တပ်နှစ်သက်သည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ရာဂ နှောင်ဖွဲ့သော အချစ်စိတ်ရှိသည် ဖြစ်၍။
ရာဂစိုစွတ်သော မည်သည် တပ်နှစ်သက်သော ငဲ့ကွက်ခြင်း ရှိသော ရာဂနှောင်ဖွဲ့သော အချစ်စိတ် ရှိသော။
ယောက်ျားပုဂ္ဂိုလ် မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန် ယောက်ျား မဟုတ်၊ တပ်နှစ်သက်ခြင်းငှါ သိကြားလိမ္မာစွမ်းနိုင်သော လူယောက်ျားတည်း။
ခဲဖွယ် မည်သည် ဘောဇဉ် ငါးပါးနှင့် ရေဒန်ပူတို့ကို ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲဟူသော ဘောဇဉ်ငါးပါးတို့တည်း။
''ခဲမည် စားမည်''ဟု ခံယူအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း သံဃာဒိသိသ်အာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏၊ ဉတ်ကမ္မစာဝါဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ် သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။
ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၇၀၂။ ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ဦးတစ်ဖက်မှ ရာဂစိုစွတ်ရာ၌ ''ခဲမည် စား မည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်းအာပတ် သင့်၏။
ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်ဦးလုံး ရာဂစိုစွတ်ရာ၌ ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်တို့၏ လက်မှ ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်း အာပတ် သင့်၏။
ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ဦးတစ်ဖက်မှ ရာဂစိုစွတ်ရာ၌ ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရေဒန်ပူကို ခံယူအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
၇၀၃။ နှစ်ဦးနှစ်ဖက်မှ ရာဂမစိုစွတ်ကုန်အံ့၊ ရာဂမစိုစွတ်ဟု သိသည်ဖြစ်၍ ခံယူအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။