Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

9. Navamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၀၅၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ဥပုသ်နေ့ကိုလည်း မမေးကုန်၊ အဆုံးအမကိုလည်း မတောင်းကုန်၊
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ဥပုသ်နေ့ ကိုလည်း မမေးကုန်ဘိသနည်း၊ အဆုံးအမကိုလည်း မတောင်းကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ''ဥပုသ်နေ့ကိုလည်း မမေးကုန်၊ အဆုံးအမကိုလည်း မတောင်းကုန်''ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ဥပုသ်နေ့ကိုလည်း မမေးကုန်ဘိသနည်း၊ အဆုံးအမကိုလည်း မတောင်းကုန်ဘိသနည်း။
ရဟန်း တို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၅၉။ ''လခွဲတစ်ကြိမ် ဘိက္ခုနီမသည် ရဟန်းသံဃာမှ ဥပုသ်နေ့ မေးခြင်းကိုလည်းကောင်း၊ အဆုံးအမခံယူရန် ချဉ်းကပ် တောင်းပန်ခြင်းကိုလည်း ကောင်း ဤတရားနှစ်ပါးတို့ကို တောင့်တရမည်၊
ထိုလခွဲတစ်ကြိမ်ကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၆၀။ လခွဲတစ်ကြိမ်ဟူသည် ဥပုသ်နေ့တိုင်းတည်း။
ဥပုသ် မည်သည် စာတုဒ္ဒသီဥပုသ်၊ ပန္နရသီ 'လပြည့် လကွယ်'ဥပုသ်ဟူ၍ ဥပုသ်နှစ်ပါး ရှိကုန်၏။
အဆုံးအမ မည်သည် ဂရုဓံတရားရှစ်ပါးတို့တည်း။
''ဥပုသ်နေ့ကိုလည်း မမေးတော့အံ့၊ အဆုံးအမကိုလည်း မတောင်းတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၀၆၁။ အန္တရာယ်ရှိအံ့၊ အဖော်ဘိက္ခုနီမကို ရှာ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျုးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။