၁၁၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာ ဘိက္ခုနီမထံသို့ချဉ်းကပ်၍ ပဉ္စင်းအဖြစ်ကို တောင်း၏၊
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုသိက္ခမာန်ကို ''အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးမှ ရဟန်းပြုမပေးချေ၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ချေ။
ထိုအခါ ထိုသိက္ခမာန်သည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် နှစ်နှစ်တို့ ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးမှ ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြော ဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့'ဟု ဆိုပြီးမှ ရဟန်းပြုမပေး၊ ရဟန်းပြု ပေးခြင်းငှါလည်း ကြောင့်ကြ မစိုက်ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိက္ခမာန်ကို
'အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးမှ ရဟန်းပြုမပေးဘိသနည်း၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၅၅။ ''အကြင်ဘိက္ခုနီမသည် သိက္ခမာန်ကို 'အသျှင်မ သင်သည် နှစ်နှစ်တို့ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါရဟန်းပြုပေးအံ့''ဟု ဆိုပြီးနောက်
ထိုဘိက္ခုနီမသည် အန္တရာယ်မရှိဘဲ ရဟန်းပြုမပေးငြားအံ့၊ ရဟန်း ပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၁၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိက္ခမာန် မည်သည် နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးကျင့်ထားပြီးသော မိန်းမတည်း။
အသျှင်မ သင်သည် နှစ်နှစ်ပတ်လုံး ငါ့နောက်သို့ လိုက်ခဲ့ပါလျှင် သင့်ကို ငါ ရဟန်းပြုပေးအံ့ဟူသည်
နှစ်နှစ်တို့ပတ်လုံး လုပ်ကျွေးခဲ့ပါလျှင် သင့်ကို ငါပဉ္စင်းခံပေးအံ့။
ထိုဘိက္ခုနီမသည် ဆိုပြီးနောက် အန္တရာယ်မရှိဘဲဟူသည် အန္တရာယ်မရှိခဲ့သော်။
ရဟန်းပြုမပေးငြားအံ့ဟူသည် ကိုယ်တိုင် ရဟန်းပြုမပေးအံ့။
ရဟန်းပြုပေးခြင်းငှါ ကြောင့်ကြမစိုက်ငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''ရဟန်းပြုမပေးတော့အံ့၊ ရဟန်းပြုပေးခြင်းငှါလည်း ကြောင့်ကြမစိုက်တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၅၇။ အန္တရာယ် ရှိအံ့၊ ရှာဖွေမရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။