Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် အစိရဝတီမြစ်ရှိ ရေဆိပ်တစ်ခုတည်း၌ ပြည့်တန်ဆာမတို့နှင့်အတူ အဝတ်မဝတ်ဘဲ ရေချိုးကြကုန်၏။
ထိုအခါ ပြည့်တန်ဆာမတို့က ''အသျှင်မတို့ ငယ်ရွယ်သူဖြစ်သော သင်တို့အား အကျင့်မြတ်ကို ကျင့်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ကာမဂုဏ်စည်းစိမ်ကို ခံစားသင့်သည် မဟုတ်ပါလော၊ အိုမင်းသော အခါ၌ အကျင့်မြတ်ကို ကျင့်ရကုန်လတ္တံ့၊ ဤသို့ကျင့်လျှင် သင်တို့အား အကျိုးနှစ်ပါးတို့သည် သိမ်းပိုက်ရ ပြီးဖြစ်ကုန်လတ္တံ့''ဟု ထိုဘိက္ခုနီမတို့အား ပြက်ရယ်ပြုကုန်၏။
ဘိက္ခုနီမတို့သည် ပြည့်တန်ဆာမတို့ ပြက်ရယ်ပြုသောကြောင့် မျက်နှာမသာ ဖြစ်ကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ကျောင်းသို့ သွား၍ အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန် သံဃာတော်များ ချမ်းသာ စေရန်။ပ။ ဝိနည်း 'စဉ်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ဘိက္ခုနီမတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၈၄။ ''အကြင် ဘိက္ခုနီမသည် အဝတ်မဝတ်ဘဲ ရေချိုးငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၈၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အဝတ်မဝတ်ဘဲ ရေချိုးငြားအံ့ဟူသည် သင်းပိုင်ကိုလည်း မဝတ်, ကိုယ်ဝတ်ကိုလည်း မရုံဘဲ ရေချိုးအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။
၈၈၆။ သင်္ကန်းကို ခိုးသူလုယက်ခံရသော ဘိက္ခုနီမ၊ သင်္ကန်းပျောက်သော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။