၇၀၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သုန္ဒရီနန္ဒာဘိက္ခုနီမသည် အဆင်းလှ၍ ရှုချင်ဖွယ် ကြည်ညိုဖွယ် ရှိ၏။
လူတို့သည် ဆွမ်းစားဇရပ်၌ သုန္ဒရီနန္ဒာဘိက္ခုနီမကို မြင်၍ ရာဂစိုစွတ်ကုန်သည်ဖြစ်၍ သုန္ဒရီနန္ဒာဘိက္ခုနီမအား အလွန်ကောင်းမွန်သော ဘောဇဉ်တို့ကို ပေးလှူကုန်၏။
သုန္ဒရီနန္ဒာဘိက္ခုနီမသည် ကား မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည် ဖြစ်၍ မခံယူချေ။
(အနီး၌) ကပ်လျက် ရှိနေသော ဘိက္ခုနီမသည် သုန္ဒရီနန္ဒာဘိက္ခုနီမအား ''အသျှင်မသည် အဘယ့် ကြောင့် မခံယူဘိသနည်း''ဟု ပြောဆို၏။
အသျှင်မ ရာဂစိုစွတ်သော သူတို့ပါတည်းဟု (ဆို၏)။
''အသျှင်မ သင်သည်လည်း ရာဂစိုစွတ်ပါသလော''ဟု (မေးသောအခါ)
ငါသည်ကား ရာဂမစိုစွတ်ပါဟု (ဆို၏)။
''အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စား လော့''ဟု (ဆို၏)။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့''ဟု ဆိုဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် 'အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည် ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂ မစိုစွတ် သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဘိက္ခုနီမသည် အဘယ့် ကြောင့် ''အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့''ဟု ပြောဆိုဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေး သောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၀၅။ ''အကြင်ဘိက္ခုနီမသည် 'အသျှင်မ ဤယောက်ျားသည် ရာဂ စိုစွတ်သည် ဖြစ်စေ မစိုစွတ်သည်ဖြစ်စေ သင့်အား အဘယ်သို့ ပြုနိုင် လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်း ပါ၏၊ သင်သည် ရာဂမစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့'ဟု ပြောဆိုငြားအံ့၊
ဤဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲခဏ၌ သင့်သည် ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၀၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဤသု့ိ ပြောဆိုငြားအံ့ဟူသည်
''အသျှင်မ ဤယောက်ျားသည် ရာဂစိုစွတ်သည်မူလည်း ဖြစ်စေ မစိုစွတ်သည်မူလည်း ဖြစ်စေ အသင့်အား အဘယ်သို့ ပြုနိုင်လတ္တံ့နည်း၊ အသျှင်မ ငါ တိုက်တွန်းပါ၏၊ သင်သည် ရာဂ မစိုစွတ်သောကြောင့် ဤယောက်ျားက သင့်အား လှူဒါန်းသော ခဲဖွယ်ဘောဇဉ်ကို မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲလော့၊ စားမူလည်း စားလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမ စကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ထုလ္လစ္စဉ်းအာပတ် သင့်၏။
စားပြီးသည့် အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏၊ ဉတ်ကမ္မစာဝါဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ် သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
ရေဒန်ပူကို ''ခံယူပါလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမ၏ စကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၇၀၇။ တစ်ဦးတစ်ဖက်မှ ရာဂဖြင့် စိုစွတ်ရာ၌ ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်တို့၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို ''ခဲပါ စားပါလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထို ဘိက္ခုနီမ၏ စကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
စားပြီးသည်၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ရေဒန်ပူကို ''ခံယူပါလော့''ဟု တိုက်တွန်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမစကားဖြင့် ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၇၀၈။ ''ရာဂမစိုစွတ်''ဟု သိသည်ဖြစ်၍ တိုက်တွန်းအံ့၊ ''အမျက်ထွက်သည်ဖြစ်၍ မခံယူ''ဟု (နှလုံးပြု၍) တိုက်တွန်းအံ့၊ ''အမျိုး 'ဒါယကာ'ကို အစဉ်သနားသဖြင့် မခံမယူ''ဟု (နှလုံးပြု၍) တိုက်တွန်း အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။