Issues
選擇版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

4. Tuvaṭṭavaggo

作者: my-tipitaka @ visuddhinanda

၉၃၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ညောင်စောင်း 'တစ်ခုတင်' တည်း၌ အိပ်ကုန်၏။
ကျောင်းစဉ်လှည့်လည်သော လူတို့ မြင်ကြသဖြင့် ''အဘယ့်ကြောင့် ဘိက္ခုနီမနှစ်ယောက်တို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ တစ်ညောင်စောင်းတည်း၌ အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ညောင်စောင်းတည်း၌ အိပ်ကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ရဟန်းတို့ ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ညောင်စောင်း 'တစ်ခုတင်' ထည်း၌ အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ နှစ်ယောက်တို့သည် တစ်ညောင်စောင်း 'တစ်ခုတင်'တည်း၌ အိပ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၃၃။ ''အကြင် ဘိက္ခုနီမတို့သည် တစ်ညောင်စောင်း 'တစ်ခုတင်' တည်း၌ နှစ်ယောက်အိပ်ကုန်ငြားအံ့၊ (ထိုဘိက္ခုနီမတို့အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန် လော့ဟု မိန့်တော်မူ၏)။
၉၃၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမတို့ဟူသည် ပဉ္စင်းဖြစ်သောမိန်းမတို့ကို ဆိုလို၏။
တစ်ညောင်စောင်း 'တစ်ခုတင်' တည်း၌ နှစ်ယောက် အိပ်ကုန်ငြားအံ့ဟူသည် တစ်ယောက်အိပ်သည် ရှိသော် အခြားတစ်ယောက်လည်း အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ယောက်လုံးတို့မူလည်း အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထပြီး၍ အဖန်ဖန် အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
၉၃၅။ တစ်ယောက်အိပ်သည် ရှိသော် အခြားတစ်ယောက်က ထိုင်နေမူ အာပတ် မသင့်၊ နှစ်ယောက် လုံး ထိုင်နေကုန်မူ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား လည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၉၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ခင်းတစ်ရုံတည်း အိပ်ကုန်၏။
ကျောင်းစဉ်လှည့်လည်သော လူတို့ မြင်ကြသဖြင့် ''အဘယ့်ကြောင့် ဘိက္ခုနီမနှစ်ယောက်တို့သည် ကာမဂုဏ်စည်းစိမ်ချမ်းသာကို ခံစားသော လူမိန်းမတို့ကဲ့သို့ တစ်ခင်းတည်း တစ်ရုံတည်း အိပ်ကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ခင်း တည်း တစ်ရုံတည်း အိပ်ကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ''ရဟန်းတို့ ဘိက္ခုနီမနှစ်ယောက်တို့သည် တစ်ခင်းတည်း တစ်ရုံတည်း အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ နှစ်ယောက်တို့သည် တစ်ခင်းတည်း တစ်ရုံတည်း အိပ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၃၇။ ''အကြင် ဘိက္ခုနီမတို့သည် တစ်ခင်းတစ်ရုံတည်း နှစ်ယောက် အိပ်ကုန်ငြားအံ့၊ (ထိုဘိက္ခုနီမတို့အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ စေကုန်လော့ဟု မိန့်တော်မူ၏)။
၉၃၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမတို့သည်ဟူသည် ပဉ္စင်းဖြစ်သော မိန်းမတို့ကို ဆိုလို၏။
တစ်ခင်းတစ်ရုံတည်း နှစ်ယောက် အိပ်ကုန်ငြားအံ့ဟူသည် ထိုအဝတ်ကိုသာလျှင် ဖြန့်ခင်း၍ ထိုအဝတ်ကိုသာ ခြုံရုံကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
၉၃၉။ တစ်ခင်းတစ်ရုံတည်း၌ တစ်ခင်းတစ်ရုံတည်းဟု အမှတ်ရှိသည်ဖြစ်၍ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ခင်းတစ်ရုံတည်း၌ ယုံမှားရှိသည်ဖြစ်၍ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ခင်း တစ်ရုံတည်း၌ အခင်းအရုံ အသီးသီးဟု အမှတ်ရှိသည်ဖြစ်၍ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ခင်းတည်း၌ ခြုံထည်အသီးသီးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခင်းအသီးသီး၌ တစ်ရုံတည်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခင်းအရုံအသီးသီး၌ တစ်ခင်းတစ်ရုံတည်းဟု အမှတ် ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခင်းအရုံအသီးသီး၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခင်းအရုံ အသီးသီး၌ အခင်းအရုံအသီးသီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၄၀။ အပိုင်းအခြားပြု၍ အိပ်ကုန်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ်မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၉၄၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အဟော အပြောကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည် ရှိ၏၊
ဘဒ္ဒါကာပိလာနီသည်လည်း အကြား အမြင်များ၍ အဟောအပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ မွန်မြတ်သူဟူ၍လည်း ချီးမွမ်းအပ်၏။
လူတို့သည်
''အသျှင်မဘဒ္ဒါကာပိလာနီသည် အကြားအမြင်များ၍ အဟောအပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ မွန်မြတ်သူဟူ၍လည်း ချီးမွမ်းအပ်၏''ဟု ဘဒ္ဒါ ကာပိလာနီကို ရှေးဦးစွာ ဆည်းကပ်၍ နောက်မှ ထုလ္လနန္ဒာဘိက္ခုနီမကို ဆည်းကပ်ကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် မနာလိုအားကြီးသဖြင့်
''ကြော်ငြာခြင်း ဂုဏ်ဖော်ခြင်းများသော ဤ ဘိက္ခုနီမတို့သာ အလိုနည်းကုန်သတတ်၊ ရောင့်ရဲကုန်သတတ်၊ ဆိတ်ငြိမ်ကုန်သတတ်၊ ရောနှောမှု မရှိကြ ကုန်သတတ်''ဟု (ဆိုကာ) ဘဒ္ဒါကာပိလာနီ၏ ရှေ့မှ စကြံလည်း သွား၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ သင်လည်း သင်၏၊ သင်စေလည်း သင်စေ၏၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကို လည်း ပြု၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အသျှင်မဘဒ္ဒါ ကာပိလာနီအား စေတနာရှိသည်ဖြစ်၍ မချမ်းမြေ့အောင် ပြုလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား စေတနာရှိသည်ဖြစ်၍ မချမ်းမြေ့အောင် ပြု၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား စေတနာရှိသည်ဖြစ်၍ မချမ်းမြေ့အောင် ပြုဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၄၂။ ''အကြင်ဘိက္ခုနီမသည် ဘိက္ခုနီမအား စေတနာနှင့်စေ့ဆော်၍ မချမ်းမြေ့အောင် ပြုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၄၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမအားဟူသည် အခြားဘိက္ခုနီမအား။
စေတနာနှင့်စေ့ဆော်၍ဟူသည် သိလျက် အသေအချာ သိလျက် စေ့ဆော်၍ လွှမ်းမိုး၍ လွန်ကျူး ခြင်းတည်း။
မချမ်းမြေ့အောင် ပြုငြားအံ့ဟူသည်
''ဤသို့ ပြုသဖြင့် ဤဘိက္ခုနီမအား မချမ်းမြေ့မှုသည် ဖြစ်လတ္တံ့''ဟု (နှလုံးသွင်း၍) မပန်ကြားဘဲ ရှေ့မှ သွားမူလည်း သွားအံ့၊ ရပ်မူလည်း ရပ်အံ့၊ ထိုင်မူ လည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းကိုမူလည်း ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၄၄။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ စေတနာရှိလျက် မချမ်းမြေ့အောင် ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၄၅။ မချမ်းမြေ့အောင် မပြုလိုဘဲ ပန်ကြားလျက် ရှေ့မှ သွားမူလည်း သွားအံ့၊ ရပ်မူလည်း ရပ်အံ့၊ ထိုင်မူလည်း ထိုင်အံ့၊ အိပ်မူလည်း အိပ်အံ့၊ သင်မူလည်း သင်အံ့၊ သင်စေမူလည်း သင်စေအံ့၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကိုမူလည်း ပြုအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူး သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၉၄၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေ ဘိက္ခုနီမကို မလုပ်ကျွေး မပြုစု၊ လုပ်ကျွေးပြုစုစေခြင်းငှါလည်း ကြောင့်ကြမစိုက်။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဆင်းရဲနေသော အတူနေ ဘိက္ခုနီမကို ကိုယ်တိုင်လည်း မလုပ်ကျွေး မပြုစုဘိသနည်း၊ လုပ်ကျွေးပြုစုစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေဘိက္ခုနီမကို မလုပ်ကျွေး၊ သူတစ်ပါး ကို လုပ်ကျွေးစေခြင်းငှါလည်း ကြောင့်ကြမစိုက်ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေ ဘိက္ခုနီမကို မလုပ်ကျွေး ဘိသနည်း၊ လုပ်ကျွေးစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း။ ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၄၇။ ''အကြင် ဘိက္ခုနီမသည် ဆင်းရဲနေသော အတူနေဘိက္ခုနီမကို မလုပ်ကျွေး၊ 'မပြုစု' ငြားအံ့၊ လုပ်ကျွေး 'ပြုစု'စေခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၄၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဆင်းရဲနေသော မည်သည် နာဖျားသည်ကို ဆိုလို၏။
အတူနေ ဘိက္ခုနီမ မည်သည် အတူနေ တပည့်မကို ဆိုလို၏။
မလုပ်ကျွေး 'မပြုစု' ငြားအံ့ဟူသည် ကိုယ်တိုင် မလုပ်ကျွေး 'မပြုစု' ငြားအံ့။
လုပ်ကျွေးပြုစုစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့ဟူသည် အခြားသူကို မစေခိုင်း ငြားအံ့။
''ငါလည်း မလုပ်ကျွေး 'မပြုစု'၊ သူတစ်ပါးကိုလည်း လုပ်ကျွေး 'ပြုစု' စေခြင်းငှါ အားမထုတ် တော့အံ့''ဟု ဝန်ချကာမျှဖြင့် ပါစိတ်အာပတ် သင့်၏။
အနီးနေ တပည့်မကိုသော်လည်းကောင်း၊ လူသာမဏေကိုသော်လည်းကောင်း ကိုယ်တိုင် မလုပ်ကျွေး 'မပြုစု'အံ့၊ လုပ်ကျွေး 'ပြုစု' စေခြင်းငှါလည်း ကြောင့်ကြမစိုက်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၄၉။ အန္တရာယ်ရှိသော်လည်းကောင်း၊ လုပ်ကျွေး 'ပြုစု' သူကို ရှာဖွေမရသော်လည်းကောင်း အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမအားလည်းကောင်း၊ ဘေးရန်တို့ကြောင့်လည်းကောင်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၉၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘဒ္ဒါကာပိလာနီသည် သာကေတမြို့၌ ဝါကပ်နေ၏။
ထိုဘဒ္ဒါကာပိလာနီသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စက အရေးတကြီး လှုံ့ဆော်အပ်သည်ဖြစ်၍ ''အသျှင်မထုလ္လနန္ဒာသည် အကျွန်ုပ်အား အကယ်၍ ကျောင်းပေးပါအံ့၊ အကျွန်ုပ်သည် သာဝတ္ထိပြည်သို့ လာချင်ပါ၏''ဟု ထုလ္လနန္ဒာဘိက္ခုနီမထံသို့ တမန်ကို စေလွှတ်လိုက်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ''လာသာလာလှည့်၊ ပေးပါအံ့''ဟု ပြောဆို၏။
ထိုအခါ ဘဒ္ဒါကာပိလာနီသည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ လာလေ၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား ကျောင်းကို ပေး၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အဟောအပြော ကောင်း၏၊ တရား ဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည် ရှိ၏။
ဘဒ္ဒါကာပိလာနီသည်လည်း အကြားအမြင်များ၍ အဟော အပြောကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ မွန်မြတ်သူဟူ၍လည်း ချီးမွမ်းအပ်၏။
လူတို့သည်
''အသျှင်မ ဘဒ္ဒါကာပိလာနီသည် အကြားအမြင်များ၍ အဟောအပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်ရှိ၏၊ မွန်မြတ်သူဟူ၍လည်း ချီးမွမ်းအပ်၏''ဟု ဘဒ္ဒါ ကာပိလာနီကို ရှေးဦးစွာ ဆည်းကပ်၍ နောက်မှ ထုလ္လနန္ဒာဘိက္ခုနီမကို ဆည်းကပ်ကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် မနာလိုအားကြီးသဖြင့်
''ကြော်ငြာခြင်း ဂုဏ်ဖော်ခြင်းများသော ဤဘိက္ခုနီမ တို့သာ အလိုနည်းကုန်သတတ် ရောင့်ရဲကုန်သတတ် ဆိတ်ငြိမ်ကုန်သတတ် ရောနှောမှုမရှိကြကုန်သ တတ်''ဟု ဆိုကာ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဘဒ္ဒါကာပိလာနီကို ကျောင်းမှ ဆွဲထုတ်လေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အသျှင်မ ဘဒ္ဒါ ကာပိလာနီအား ကျောင်းကို ပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဆွဲထုတ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား ကျောင်းကိုပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ကျောင်းမှဆွဲထုတ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီအား ကျောင်းကို ပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဆွဲထုတ်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၅၁။ ''အကြင် ဘိက္ခုနီမသည် (အခြား) ဘိက္ခုနီမအား ကျောင်းကို ပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဆွဲထုတ်မူလည်း ဆွဲထုတ်ငြားအံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ် စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမအားဟူသည် အခြားဘိက္ခုနီမအား။
ကျောင်း မည်သည် တံခါးရွက်အဖွဲ့ရှိသော ကျောင်းကို ဆိုလို၏။
ပေးပြီးမှဟူသည် ကိုယ်တိုင် ပေးပြီးနောက်။
အမျက်ထွက်သဖြင့် နှလုံးမသာ၍ဟူသည် မမွေ့လျော်သော စိတ်ရှိသည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည် ဖြစ်၍ ငြောင့်ကဲ့သို့ ဖြစ်သော စိတ်ရှိသည်ဖြစ်၍။
ဆွဲထုတ်ငြားအံ့ဟူသည် တိုက်ခန်းထဲ၌ ဆွဲကိုင်၍ ကျောင်းဦးသို့ ဆွဲထုတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ကျောင်းဦး၌ ဆွဲကိုင်၍ အပသို့ ဆွဲထုတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပယောဂတစ်ချက်တည်းဖြင့် များစွာသော တံခါးတို့ကိုလည်း လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆွဲထုတ်စေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ကြိမ်သာခိုင်းစေလျက် များစွာသော တံခါးတို့ကိုလည်း လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၅၃။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ ကျောင်းကို ပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ ကျောင်းကို ပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဆွဲထုတ်မူ လည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ကျောင်းကို ပေးပြီးမှ အမျက်ထွက်သဖြင့် နှလုံးမသာ၍ ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုဘိက္ခုနီမ၏ ပရိက္ခရာကို ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
တံခါးရွက်အဖွဲ့မရှိသော ကျောင်းမှ ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမ၏ ပရိက္ခရာကို ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူကို တံခါးရွက်အဖွဲ့ရှိသော ကျောင်းမှလည်းကောင်း၊ တံခါးရွက်အဖွဲ့မရှိသော ကျောင်းမှလည်းကောင်း ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုသူ၏ ပရိက္ခရာကို ဆွဲထုတ်မူလည်း ဆွဲထုတ်အံ့၊ ဆွဲထုတ်စေမူလည်း ဆွဲထုတ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၅၄။ အလဇ္ဇီဘိက္ခုနီမကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း၊ ထိုဘိက္ခုနီမ ၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း၊ ရူးသော ဘိက္ခုနီမကို ဆွဲထုတ်သော်လည်းကောင်း၊ ထိုဘိက္ခုနီမ၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော် လည်းကောင်း ခိုက်ရန်ပြုတတ်သော ဘိက္ခုနီမကို။ ငြင်းခုံတတ်သော ဘိက္ခုနီမကို။ ဆန့်ကျင်ဘက်စကား ကို ဆိုတတ်သော ဘိက္ခုနီမကို။ စကားများအောင် ပြုတတ်သော ဘိက္ခုနီမကို။ သံဃာ၌ အဓိကရုဏ်း ပြုတတ်သော ဘိက္ခုနီမကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း၊ ထိုဘိက္ခုနီမ၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း၊ ကောင်းမွန်စွာ မကျင့်သော အနီးနေတပည့်မကိုဖြစ်စေ အတူနေတပည့်မကိုဖြစ်စေ ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော် လည်းကောင်း၊ ထိုဘိက္ခုနီမ၏ ပရိက္ခရာကို ဆွဲထုတ်သော်လည်းကောင်း၊ ဆွဲထုတ်စေသော်လည်းကောင်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၉၅၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် သူကြွယ်နှင့်လည်း ကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၅၆။ ''အကြင် ဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏ သားနှင့်လည်းကောင်း ရောနှော၍ နေငြားအံ့၊ ထိုဘိက္ခုနီမအား (အခြား) ဘိက္ခုနီမတို့က
'အသျှင်မ သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်း ကောင်း ရောနှော၍ မနေပါလင့်၊
အသျှင်မ လွတ်လွတ်ကင်းကင်း နေပါလော့၊
ညီမ၏ လွတ်လွတ်ကင်းကင်း နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏'ဟု ပြောဆို ဆုံးမ ရာ၏။
ဤသို့လျှင် ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့က ဆုံးမအပ်ပါလျက် ထိုရှေးနည်း အတူပင် ပြုမူငြားအံ့၊ ထိုဘိက္ခုနီမကို အခြားဘိက္ခုနီမတို့သည် ထို အယူကို စွန့်စေခြင်းငှါ သုံးကြိမ်တိုင်အောင် ကောင်းစွာ ဆုံးမရမည်၊
သုံးကြိမ် တိုင်အောင် ဆုံးမအပ်သည် ရှိသော် ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော် မူ၏)။
၉၅၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရောနှော၍ မည်သည် မလျော်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ရောနှောလျက်။
သူကြွယ် မည်သည် အိမ်ကို စိုးအုပ်၍ နေသူ တစ်ယောက်ယောက်တည်း။
သူကြွယ်၏သား မည်သည် သားဖြစ်သူ ညီ အစ်ကိုဖြစ်သူ တစ်ယောက်ယောက်တည်း။
ထိုဘိက္ခုနီမကိုဟူသည် အကြင်ရောနှောသော ဘိက္ခုနီမကို။
ဘိက္ခုနီမတို့သည်ဟူသည် အခြားသော ဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့က ''အသျှင်မ သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့် လည်းကောင်း ရောနှော၍ မနေပါလင့်၊ အသျှင်မ လွတ်လွတ်ကင်းကင်း နေပါလော့၊ ညီမ၏ လွတ်လွတ် ကင်းကင်းနေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို သံဃာ့အလယ်သို့လည်း ဆွဲခေါ်၍ ''အသျှင်မ သူကြွယ်နှင့်လည်းကောင်း သူကြွယ်၏ သားနှင့်လည်းကောင်း ရောနှော၍ မနေပါလင့်၊ အသျှင်မ လွတ်လွတ်ကင်းကင်း နေပါလော့၊ ညီမ၏ လွတ်လွတ် ကင်းကင်း နေခြင်းကိုသာလျှင် သံဃာက ချီးမွမ်း၏''ဟု ပြောဆိုဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊
အကယ်၍ မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို ကောင်းစွာ ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊
ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၉၅၈။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏၊
ထိုဘိက္ခုနီမသည် ထိုအယူကို မစွန့်၊
သံဃာအားလျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမ သည့်သူကြွယ်နှင့်လည်းကောင်း၊ သူကြွယ်၏သားနှင့်လည်းကောင်း ရောနှော၍ နေ၏၊
ထိုဘိက္ခုနီမ သည် ထိုအယူကို မစွန့်၊
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ဆုံးမ၏၊
ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဆုံးမသည်ကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုနှစ်သက်သော အသျှင်မသည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ၊ ထိုမနှစ်သက်သော အသျှင်မသည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုအယူကို စွန့်စေခြင်းငှါ ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏၊
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏၊
ကမ္မဝါစာ၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။
၉၅၉။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၆၀။ ဉတ်ကမ္မဝါစာဖြင့် မဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၉၆၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ် အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကြသဖြင့် (သူတို့ကို) သေသောက်ကြူးတို့သည် ဖျက်ဆီးကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည် သွားလာဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၆၂။ ''အကြင် ဘိက္ခုနီမသည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ် သော ဘေးဘျမ်းနှင့် တကွဖြစ်သော (မိမိ) နိုင်ငံအတွင်း၌ အဖော်ကုန်သည်မပါဘဲ ဒေသစာရီလှည့်လည် သွားလာငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၆၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
(မိမိ) နိုင်ငံအတွင်း၌ဟူသည် မိမိနေရင်း မင်း၏ နိုင်ငံ၌။
ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော မည်သည် ထိုလမ်းခရီး၌ ခိုးသူတို့၏ ဝင်ရာအရပ် စားရာအရပ် တည်ရာအရပ် ထိုင်ရာအရပ် အိပ်ရာအရပ်တို့သည် ထင်ရှားကုန်၏။
ဘေးဘျမ်းနှင့်တကွဖြစ်သော မည်သည် ထိုလမ်းခရီး၌ ခိုးသူတို့က လူတို့ကို သတ်ခြင်း လုယက်ခြင်း ပုတ်ခတ်ခြင်းတို့သည် ထင်ရှားကုန်၏။
အဖော်ကုန်သည်မပါဘဲ မည်သည် အဖော်ကုန်သည်နှင့် ကင်း၍။
ဒေသစာရီလှည့်လည်ငြားအံ့ဟူသည် ကြက်တစ်ပျံကျရာဖြစ်သော ရွာ၌ ရွာကြားတိုင်း ရွာကြားတိုင်း ပါစိတ်အာပတ် သင့်၏။
ရွာမရှိသော တောခရီး၌ ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၉၆၄။ အဖော်ကုန်သည်နှင့်တကွ သွားအံ့၊ ဘေးရန်မရှိသော အရပ် ကြောက်ရွံ့ဖွယ်မရှိသော အရပ်၌ သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ် ပြီး၏။
၉၆၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ် အပ်သော ဘေးဘျမ်းနှင့်တကွဖြစ်သော တိုင်းတစ်ပါး၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည် သွားလာကြသဖြင့်
(သူတို့ကို) သေသောက်ကြူးတို့သည် ဖျက်ဆီးကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော တိုင်းတစ်ပါး၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာ ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွ ဖြစ်သော တိုင်းတစ်ပါး၌ အဖော်ကုန်သည်မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကုန်၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွဖြစ်သော တိုင်းတစ်ပါး၌ အဖော် ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွားလာကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၆၆။ ''အကြင် ဘိက္ခုနီမသည် ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ် သော ဘေးဘျမ်းနှင့်တကွဖြစ်သော တိုင်းတစ်ပါး၌ အဖော်ကုန်သည် မပါဘဲ ဒေသစာရီ လှည့်လည်သွား လာငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၆၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တိုင်းတစ်ပါး၌ဟူသည် မိမိနေရင်း မင်း၏ နိုင်ငံမှ တစ်ပါးသော မင်း၏ နိုင်ငံ၌။
ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော မည်သည် ထိုလမ်းခရီး၌ ခိုးသူတို့၏ ဝင်ရာအရပ် စားရာအရပ် တည်ရာအရပ် ထိုင်ရာအရပ် အိပ်ရာအရပ်တို့သည် ထင်ရှားကုန်၏။
ဘေးဘျမ်းနှင့်တကွဖြစ်သော မည်သည် ထိုလမ်းခရီး၌ ခိုးသူတို့က လူတို့ကို သတ်ခြင်း လုယက်ခြင်း ပုတ်ခတ်ခြင်းတို့သည် ထင်ရှားကုန်၏။
အဖော်ကုန်သည်မပါဘဲ မည်သည် အဖော်ကုန်သည်နှင့် ကင်း၍။
ဒေသစာရီလှည့်လည် သွားလာငြားအံ့ဟူသည် ကြက်တစ်ပျံ ကျရာဖြစ်သော ရွာ၌ ရွာကြားတိုင်း ရွာကြားတိုင်း ပါစိတ်အာပတ် သင့်၏။
ရွာမရှိသော တောခရီး၌ ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၉၆၈။ အဖော်ကုန်သည်နှင့်တကွ သွားအံ့၊ ဘေးရန်မရှိသော အရပ် ကြောက်ရွံ့ဖွယ်မရှိသော အရပ်၌ သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၉၆၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတို့သည် မိုးတွင်း၌ ဒေသစာရီ လှည့်လည်သွားလာကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မိုးတွင်း၌ ဒေသစာရီ လှည့်လည်သွားလာ ကုန်ဘိသနည်း၊ စိမ်းစိုသော မြက်တို့ကို နင်းနယ်ကာ တစ်ခုသော ဣန္ဒြေအသက်ကို ညှဉ်းဆဲ၍ များစွာသော ငယ်သော ပိုးမွှားသတ္တဝါတို့ကို ဖျက်ဆီးကုန်လျက် သွားလာကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မိုးတွင်း၌ ဒေသစာရီ လှည့်လည်သွားလာကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် မိုးတွင်း၌ ဒေသစာရီ လှည့်လည်သွားလာကုန်၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် မိုးတွင်း၌ ဒေသစာရီ လှည့်လည်သွားလာကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၇၀။ ''အကြင် ဘိက္ခုနီမသည် မိုးတွင်း၌ ဒေသစာရီ လှည့်လည်သွားလာ ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၇၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မိုးတွင်း၌ဟူသည် ပုရိမဝါ သို့မဟုတ် ပစ္ဆိမဝါဖြစ်သော သုံးလပတ်လုံး မနေမူ၍။
ဒေသစာရီလှည့်လည်သွားလာငြားအံ့ဟူသည် ကြက်တစ်ပျံ ကျရာဖြစ်သော ရွာ၌ ရွာကြားတိုင်း ရွာကြားတိုင်း ပါစိတ်အာပတ် သင့်၏။
ရွာမရှိသော တောခရီး၌ ယူဇနာခွဲတိုင်း ယူဇနာခွဲတိုင်း ပါစိတ်အာပတ် သင့်၏။
၉၇၂။ ခုနစ်ရက်အတွင်း၌ ပြုဖွယ်ကိစ္စကြောင့် သွားအံ့၊ တစ်စုံတစ်ယောက်သော သူသည် နှိပ်စက် သဖြင့် သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူး သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၉၇၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ထိုရာဇဂြိုဟ်ပြည်၌ မိုးလပတ်လုံးနေ၍ ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဆောင်းရော နွေပါ အခါခပ်သိမ်း နေကုန်၏။
လူတို့သည် ''ဘိက္ခုနီမတို့အား အရပ်မျက်နှာတို့သည် ကျဉ်းမြောင်းလေကုန်သလော၊ မှောင်ကျ နေကုန်သလော၊ ဤဘိက္ခုနီမတို့အား အရပ်မျက်နှာတို့သည် မထင်လာကုန်''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည်ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်။ပ။ သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်မြဲရန် ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါး တို့ကို အစွဲပြု၍ ဘိက္ခုနီမတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၇၄။ ''အကြင် ဘိက္ခုနီမသည် ဝါကျွတ်ပြီးသည်ရှိသော် ခရီးဒေသစာရီ မသွားငြားအံ့၊ အယုတ်အားဖြင့် ငါးယူဇနာ ခြောက်ယူဇနာမျှလည်း မသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၇၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဝါကျွတ်ပြီးသောဘိက္ခုနီမ မည်သည် ပုရိမဝါ သို့မဟုတ် ပစ္ဆိမဝါသုံးလပတ်လုံးနေပြီးသော ဘိက္ခုနီမတည်း၊
''အယုတ်အားဖြင့် ငါးယူဇနာ ခြောက်ယူဇနာတို့တိုင်ရုံမျှလည်း ခရီးမသွားအံ့''ဟု ဝန်ချ ကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၉၇၆။ အန္တရာယ်ရှိသော် အဖော်ဘိက္ခုနီမကို ရှာဖွေမရသော် အာပတ် မသင့်၊ ဖျားနာသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
စတုတ္ထတုဝဋ္ဋဝဂ် ပြီး၏။