Issues
Select Version
元亨寺·CBETA
中文
my-tipitaka
မြန်မာဘာသာ
戒律🙏🙏🙏
中文
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

4. Catutthapārājikaṃ

Author: my-tipitaka @ visuddhinanda

၆၇၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းအကျိုးငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ အတူလည်း ရပ်ကုန်၏၊ အတူလည်း စကားပြောကုန်၏၊ ချိန်းချက်ရာ အရပ်သို့လည်း သွားကုန်၏၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်၏၊ ဖုံးကွယ်ရာသို့လည်း လိုက်၍ ဝင်ကုန်၏၊ ကိုယ်ကိုလည်း အနီး သို့ ဆောင်ကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂ စွတ်စိုသည်ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းအကျိုးငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ အတူလည်း ရပ်ကုန်ဘိသနည်း၊ အတူလည်း ပြောဆိုကုန်ဘိသနည်း၊ ချိန်းချက်ရာ အရပ်သို့ လည်း သွားကုန်ဘိသနည်း၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ ဖုံးကွယ်ရာ အရပ်သို့လည်း လိုက်၍ ဝင်ကုန်ဘိသနည်း၊ ကိုယ်ကိုလည်း အနီးသို့ ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယသံသဂ္ဂရာဂ စွတ်စိုသော ထိုယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုလည်း သာယာကုန်၏၊ အတူလည်း ရပ်ကုန်၏၊ အတူလည်း စကားပြောကုန်၏၊ ချိန်းချက်ရာ အရပ်သို့လည်း သွားကုန်၏၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်၏၊ ဖုံးကွယ်ရာအရပ်သို့လည်း လိုက်၍ ဝင်ကုန်၏၊ ကိုယ်ကိုလည်း အနီးသို့ ဆောင်ကုန်၏ဟူသည့်မှန်သလော''ဟု စိစစ် မေးမြန်းတော်မှု၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းအကျိုးငှါ လက်ကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ သင်္ကန်းစွန်း ကို ကိုင်ခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ အတူလည်း ရပ်ကုန်ဘိသနည်း၊ အတူလည်း စကားပြော ကုန်ဘိသနည်း၊ ချိန်းချက်ရာ အရပ်သို့လည်း သွားကုန်ဘိသနည်း၊ ယောက်ျား၏ ရှေးရှုလာခြင်းကိုလည်း သာယာကုန်ဘိသနည်း၊ ဖုံးကွယ်ရာ အရပ်သို့လည်း လိုက်၍ ဝင်ကုန်ဘိသနည်း၊ ကိုယ်ကိုလည်း အနီးသို့ ဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၇၅။ ''အကြင်ဘိက္ခုနီမသည် ကာယသံသဂ္ဂရာဂစွတ်စိုသည် ဖြစ်၍ ကာယ သံသဂ္ဂရာဂဖြင့် စွတ်စိုသော ယောက်ျား၏ ထိုမသူတော်အကျင့်ကို မှီဝဲခြင်းငှါ လက်ကို ကိုင်ခြင်းကိုမူလည်း သာယာငြားအံ့၊ သင်္ကန်းစွန်းကို ကိုင်ခြင်းကိုမူလည်း သာယာငြား အံ့၊ အတူမူလည်း ရပ်ငြားအံ့၊ အတူမူလည်း စကားပြောငြားအံ့၊ ချိန်းချက်ရာ အရပ်သို့မူလည်း သွားငြားအံ့၊ ယောက်ျား၏ ရှေး ရှုလာခြင်းကိုမူလည်း သာယာငြား အံ့၊ ဖုံးကွယ်ရာ အရပ်သို့မူလည်း လိုက်၍ ဝင်ငြားအံ့၊ ကိုယ်ကိုမူလည်း အနီးသို့ ဆောင်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း အကြောင်းရှစ်ပါးရှိသည် ဖြစ်၍ (အဋ္ဌဝတ္ထုကာ မည်သော) ပါရာဇိကအာပတ် သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်း သင်းရခြင်း မရှိ'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၇၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။
ကာယသံသဂ္ဂရာဂ စွတ်စိုသည်ဖြစ်၍ မည်သည် တပ်နှစ်သက်ခြင်းရှိသည် ဖြစ်၍ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ ရာဂနှောင်ဖွဲ့သော အချစ်စိတ်ရှိသည် ဖြစ်၍။
ကာယသံသဂ္ဂရာဂဖြင့် စွတ်စိုသော မည်သည် တပ်နှစ်သက်ခြင်းရှိသော ငဲ့ကွက်ခြင်းရှိသော ရာဂ နှောင်ဖွဲ့သော အချစ်စိတ်ရှိသော။
ယောက်ျားပုဂ္ဂိုလ် မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ လူယောင် ဖန်ဆင်းသော တိရစ္ဆာန်ယောက်ျား မဟုတ်၊ ကိုယ်လက်နှီးနှောမှုကို ပြုကျင့်ခြင်းငှါ သိကြားလိမ္မာစွမ်းနိုင် သော လူယောက်ျားသာတည်း။
လက်ကို ကိုင်ခြင်းကိုမူလည်း သာယာငြားအံ့ဟူရာ၌ လက် မည်သည်ကား တံတောင်ဆစ်ကို အစပြု၍ လက်သည်းဖျားတိုင်အောင်သော ကိုယ်၏ အစိတ်အပိုင်းတည်း၊
ဤမသူတော်တို့၏ အကျင့်ကို မှီဝဲခြင်းငှါ ညှပ်ရိုး အထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုင်ခြင်းကို သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
သင်္ကန်းစွန်းကို ကိုင်ခြင်းကိုမူလည်း သာယာငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ကိုယ်ဝတ်ကိုလည်းကောင်း၊ ကိုယ်ရုံကိုလည်းကောင်း ကိုင်ခြင်းကို သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
အတူမူလည်း ရပ်ငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ နှစ်တောင့်ထွာ အတွင်း၌ ရပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
အတူမူလည်း ပြောဆိုငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ နှစ်တောင့် ထွာ့အတွင်း၌ ရပ်လျက် စကားပြောဆိုငြားအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ချိန်းချက်ရာအရပ်သို့မူလည်း သွားငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျားက
''ဤမည်သော အရပ်သို့ လာပါလော့''ဟု ချိန်းချက်၍ သွားအံ့၊
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။
ယောက်ျား၏ နှစ်တောင့်ထွာအတွင်းသို့ ရောက်သည်ရှိသော် ထုလ္လစ္စဉ်းအာပတ် သင့်၏။
ယောက်ျား၏ ရှေးရှုလာခြင်းကိုမူလည်း သာယာငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ ရှေးရှုလာခြင်းကို သာယာအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်တောင့်ထွာအတွင်းသို့ ဝင်သည် ရှိသော် ထုလ္လစ္စဉ်းအာပတ် သင့်၏။
ဖုံးကွယ်ရာ အရပ်သို့မူလည်း လိုက်၍ ဝင်ငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ တစ်စုံတစ်ခုဖုံးကွယ်သော နေရာသို့ ဝင်ကာမျှ၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကိုယ်ကိုမူလည်း အနီးသို့ ဆောင်ငြားအံ့ဟူသည် ဤမသူတော်အကျင့်ကို မှီဝဲခြင်းငှါ ယောက်ျား၏ နှစ်တောင့်ထွာအတွင်း၌ ရပ်လျက် ကိုယ်ကို (ယောက်ျား၏) အနီးသို့ဆောင်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
ပါရာဇိကအာပတ် သင့်၏ဟူသည် ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန် စည်ပင်ပြန့်ပွါးခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် ရဟန်းမိန်းမသည် ရှစ်ခုမြောက်သော အကြောင်း ဝတ္ထုကို ပြည့်စေသော် ဘိက္ခုနီမ မဟုတ်တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊
ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟု ဆိုရ၏။
ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိဟူရာ၌ အတူတကွပေါင်းသင်းခြင်း မည်သည် အတူတကွ ဝိနည်းကံ ပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊
ဤအလုံးစုံသည် ပေါင်းသင်းခြင်း မည်၏၊
ထိုပေါင်းသင်းခြင်းသည် ထိုဘိက္ခုနီမနှင့် အတူတကွ မရှိတော့ပေ၊
ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။
၆၇၇။ စိတ်စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ မသာယာသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ စိတ်ပျံ့လွင့်သော ဘိက္ခုနီမ၊ ဝေဒနာနှိပ်စက်သော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား အာပတ် မသင့်။
စတုတ္ထ ပါရာဇိကသိက္ခာပုဒ် ပြီး၏။
အသျှင်မတို့ ပါရာဇိကအာပတ်ရှစ်ပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
အကြင် ဘိက္ခုနီမသည် ယင်းပါရာဇိကအာပတ် ရှစ်ပါးတို့တွင် အာပတ်တစ်ပါးပါးသို့ ရောက်သော် ရှေး (လူ သာမဏေမ သိက္ခမာန်ဖြစ်စဉ်) အခါ၌ ဘိက္ခုနီမတို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရသကဲ့သို့၊ ထို့အတူ ထိုဘိက္ခုနီမသည် (ပါရာဇိက ကျပြီးသော) နောက်အခါ၌လည်း ဘိက္ခုနီမတို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရ၊ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ဘိက္ခုနီမကောင်းတို့နှင့် အတူ တကွ ပေါင်းသင်းရခြင်း မရှိတော့ပေ။
ထိုပါရာဇိကအာပတ်ရှစ်ပါးတို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်မတို့သည် ဤပါရာဇိကအာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြ ပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
ဘိက္ခုနီဝိဘင်း၌ ပါရာဇိကအခန်း ပြီး၏။