Issues
Select Version
my-tipitaka
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၇၄၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အခြား ဘိက္ခုနီမ တစ်ယောက်နှင့် အတူ သင်္ကန်းဖလှယ်၍ သုံးဆောင်၏။
ထိုအခါ ထိုဘိက္ခုနီမသည် ထိုသင်္ကန်းကို ခေါက်၍ ထား၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဘိက္ခုနီမကို ''အသျှင်မ ငါနှင့်သင် ဖလှယ်ထားသော သင်္ကန်းသည် အဘယ်မှာနည်း''ဟု ဆို၏။
ထိုအခါ ဘိက္ခုနီမသည် သင်္ကန်းကို ထုတ်၍ ထုလ္လနန္ဒာဘိက္ခုနီမအား ပြ၏။
ထုလ္လနန္ဒာဘိက္ခုနီမက ''အသျှင်မ သင်၏ သင်္ကန်းကို ယူလော့၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့လော့၊ သင်၏ သင်္ကန်းသည် သင့်ဥစ္စာ သာ ဖြစ်၍ ငါ၏ သင်္ကန်းသည်လည်း ငါ့ဥစ္စာသာတည်း၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့လော့၊ မိမိသင်္ကန်းကို ပြန်ယူလော့''ဟု ထိုဘိက္ခုနီမအား ပြောဆို၍ (သင်္ကန်းကို) လုယူလေ၏။
ထို့နောက် ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်း သော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခြားဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ လုယက်ယူငင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြား ဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ လုယက် ယူငင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတောာ်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြား ဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ လုယက်ယူငင်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၄၄။ ''အကြင်ဘိက္ခုနီမသည် အခြား ဘိက္ခုနီမနှင့် အတူ သင်္ကန်းကို ဖလှယ်ပြီးနောက် 'အသျှင်မ သင်၏ သင်္ကန်းကို ယူလော့၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့လော့၊ သင်၏ သင်္ကန်းသည် သင့်ဥစ္စာသာဖြစ်၍၊ ငါ၏ သင်္ကန်းသည်လည်း ငါ့ဥစ္စာသာလျှင်တည်း၊ ငါ၏ သင်္ကန်းကို ဆောင်ခဲ့ လော့၊ မိမိသင်္ကန်းကို ပြန်ယူလော့'ဟု ပြောဆို၍ (သင်္ကန်းကို) လုယူမူလည်း လုယူငြားအံ့၊ လုယူစေမူလည်း လုယူစေ ငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၄၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမနှင့်အတူဟူသည် အခြားဘိက္ခုနီမနှင့်အတူ။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံးအားဖြင့် ဝိကပ္ပနာလောက်သော သင်္ကန်း တစ်မျိုးမျိုးတည်း။
ဖလှယ်၍ဟူသည် သင်္ကန်းအနည်းငယ်ဖြင့် သင်္ကန်းအများကိုလည်းကောင်း၊ သင်္ကန်းအများဖြင့် သင်္ကန်းအနည်းကိုလည်းကောင်း ဖလှယ်၏။
လုယူငြားအံ့ဟူသည် ကိုယ်တိုင် လုယက်ယူငင်ငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လုယူစေငြားအံ့ဟူသည် အခြားသူကို စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ကြိမ်သာ စေခိုင်းပါ လျက် အကြိမ်များစွာ လုယက်ယူငင်အံ့၊ စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်း အားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်။
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။ ''အသျှင်မတို့ ဤသင်္ကန်းသည် ဘိက္ခုနီမနှင့်အတူ သင်္ကန်းကို ဖလှယ်ပြီးမှ အကျွန်ုပ် လုယက့်ယူငင်ထားသောကြောင့် စွန့်အပ်ပါသည်၊ အကျွန်ုပ်သည် သံဃာအား ဤသင်္ကန်းကို စွန့်ပါ၏''ဟု (ဆို၍) စွန့်ရမည်။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၄၆။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမူလည်း လုယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းကို ဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမှုလည်း လုယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကို ဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမူလည်း လုယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပရိက္ခရာကို ဖလှယ်ပြီးမှ လုယူအံ့၊ လုယူစေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သော သူနှင့်အတူ သင်္ကန်းကိုဖြစ်စေ အခြားပရိက္ခရာကိုဖြစ်စေ ဖလှယ်ပြီးမှ လုယူမူလည်း လုယူအံ့၊ လုယူစေမှုလည်း လုယူစေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၇၄၇။ ထိုဘိက္ခုနီမကမူလည်း ပေးအံ့၊ ထိုဘိက္ခုနီမနှင့် အကျွမ်းဝင်၍မူလည်း ယူအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။