၆၅၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မိဂါရသူဌေး၏ မြေးဖြစ်သော သာဠှသည် ဘိက္ခုနီ 'ရဟန်းမိန်းမ' သံဃာ၏ ကျောင်းကို ဆောက်လုပ်လို၍
ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်ပြီးလျှင် -
''
အသျှင်မတို့ အကျွန်ုပ်သည် ဘိက္ခုနီသံဃာ၏ ကျောင်းကို ဆောက်လုပ်လိုပါ၏၊ အကျွန်ုပ်အား အမှုသစ်ကို စီမံတတ်သော ဘိက္ခုနီမကို ပေးပါကုန်လော့''ဟု လျှောက်၏။
ထိုစဉ်အခါ၌ နန္ဒာ နန္ဒဝတီ သုန္ဒရီနန္ဒာ ထုလ္လနန္ဒ္ဒာ ဤညီအစ်မလေးယောက်တို့သည် ဘိက္ခုနီမ တို့ထံ၌ ရဟန်းဖြစ်ကြကုန်၏။
ထိုလေးယောက်တို့တွင် သုန္ဒရီနန္ဒာဘိက္ခုနီမသည် ငယ်စဉ်က ရဟန်း ဖြစ်၏၊ အဆင်းလှ၍ ရှုချင်ဖွယ် ကြည်ညိုဖွယ်ရှိ၏၊ ပညာရှိ၍ စွမ်းရည်သတ္တိနှင့်လည်း ပြည့်စုံ၏၊ ထက်မြက်သော ဉာဏ်ပညာလည်း ရှိ၏၊ လိမ္မာဖျတ်လတ်၍ ပျင်းရိခြင်းလည်း မရှိ၊ ထိုထိုအမှု၌ အကြောင်းကို စုံစမ်းခြင်းနှင့် ပြည့်စုံ၍ ပြုလုပ်စီမံခြင်းငှါလည်း စွမ်းနိုင်၏၊
ထိုအခါ ဘိက္ခုနီသံဃာသည် သုန္ဒရီနန္ဒာဘိက္ခုနီမကို သမုတ်ပြီးလျှင် မိဂါရသူဌေး၏မြေး သာဠှအား အမှုသစ်ပြုလုပ်မည့် ဘိက္ခုနီမကို ပေး၏။
ထိုအခါ သုန္ဒရီနန္ဒာဘိက္ခုနီမသည် ပဲခွပ်ကို ပေးလော့၊ ပုဆိန်ကို ပေးလော့၊ ဓားမကို ပေးလော့၊ ပေါက်တူးကို ပေးလော့၊ ဆောက်ကို ပေးလော့''ဟု (တောင်းရန်) မိဂါရသူဌေး၏မြေး သာဠှ၏ အိမ်သို့ မကြာ မကြာပင် သွား၏။
မိဂါရသူဌေး၏မြေး သာဠှသည်လည်း ပြုပြီးသော အရာ, မပြုရသေးသော အရာကို သိရန် ဘိက္ခုနီမတို့ ကျောင်းသို့ မကြာ မကြာပင် သွား၏၊
ထိုသုန္ဒရီနန္ဒာနှင့် သာဠှတို့သည် မပြတ်တွေ့မြင်ရခြင်းကြောင့် နှောင်ဖွဲ့သော (အချစ်) စိတ်ရှိကြကုန်၏။
ထို့နောက် မိဂါရသူဌေး၏မြေး သာဠှသည် သုန္ဒရီနန္ဒာဘိက္ခုနီမကို ဖျက်ဆီးရန် အခွင့်မရသဖြင့် ထိုဖျက်ဆီးရေးအလို့ငှါသာလျှင် ဘိက္ခုနီသံဃာအား ဆွမ်းလုပ်ကျွေး၏။
ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် ဆွမ်းစားဇရပ်၌ နေရာခင်းသည် ရှိသော်
''ဤမျှ လောက်သော ဘိက္ခုနီမတို့သည် အသျှင်မသုန္ဒရီနန္ဒာထက် ကြီးကုန်၏''ဟု နှလုံးသွင်း၍ တစ်ခုသော အရပ်၌ နေရာခင်းထား၏၊ ''ဤမျှလောက်သော ဘိက္ခုနီမတို့သည် အသျှင်မသုန္ဒရီနန္ဒာအောက် ငယ်ကုန်၏''ဟု နှလုံးသွင်း၍ တစ်ခုသော အရပ်၌ နေရာခင်းထား၏။
ဖုံးကွယ်သော ထောင့်ကြားနေရာ တစ်ခု၌ကား သုန္ဒရီနန္ဒာဘိက္ခုနီမအတွက် နေရာခင်းထား၏၊
''ဘိက္ခုနီမကြီးတို့က ဘိက္ခုနီမငယ်တို့ထံ (သုန္ဒရီနန္ဒာ) ထိုင်နေ၏''ဟု သိနိုင်လောက်သော အခြင်းအရာဖြင့်လည်းကောင်း၊
''ဘိက္ခုနီမငယ်တို့ကလည်း ဘိက္ခုနီမကြီး တို့အထံ၌ (သုန္ဒရီနန္ဒာ) ထိုင်နေ၏''ဟု သိနိုင်လောက်သော အခြင်းအရာဖြင့်လည်းကောင်း သာဠှသည် နေရာခင်းထား၏။
ထို့နောက် မိဂါရသူဌေး၏မြေး သာဠှသည် ''အသျှင်မတို့ ဆွမ်းစားချိန်တန်ပါပြီ ဆွမ်းပြင်ပြီးပါပြီ''ဟု ဘိက္ခုနီသံဃာအား အခါကို လျှောက်ကြားစေ၏။
သုန္ဒရီနန္ဒာဘိက္ခုနီမသည်ကား ''မိဂါရသူဌေး၏မြေး သာဠှသည် ကောင်းမှုကုသိုလ်ကို များစွာ လိုလား တောင့်တ၍ ဘိက္ခုနီသံဃာအား ဆွမ်းလုပ်ကျွေးသည် မဟုတ်၊ ထိုသာဠှသည် ငါ့ကို ဖျက်ဆီးလို၏၊ အကယ်၍ ငါသွားအံ့၊ ငါ့အား ဖောက်ပြန်သောအသံ ဖြစ်လတ္တံ့''ဟု (ဆင်ခြင်၍) အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမကို
''သွားချေ၊ ငါ့အတွက် ဆွမ်းကို ဆောင်ယူခဲ့လော့၊ ထိုသာဠှသည် ငါ့ကို မေးခဲ့လျှင် 'နာဖျား နေ၏'ဟူ၍ ပြောကြားလော့''ဟု (စေလွှတ်လိုက်၏)။
''ကောင်းပါပြီ အသျှင်မ''ဟု ဆို၍ ထိုဘိက္ခုနီမ သည် သုန္ဒရီနန္ဒာဘိက္ခုနီမအား ဝန်ခံ၏။
ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် တံခါးမုခ်အပြင်၌ ရပ်လျက် ''အသျှင်မတို့ အသျှင်မ သုန္ဒရီနန္ဒာသည် အဘယ်မှာနည်း၊ အသျှင်မတို့ အသျှင်မသုန္ဒရီနန္ဒာသည် အဘယ်မှာနည်း''ဟု သုန္ဒရီနန္ဒာ ဘိက္ခုနီမကိုသာ တမေးတည်းမေးသည်ရှိသော်
သုန္ဒရီနန္ဒာဘိက္ခုနီမ၏ အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမက ''ဒါယကာ နာဖျားနေပါ၏၊ ဆွမ်းကိုသာလျှင် ဆောင်ယူသွားပါအံ့''ဟု မိဂါရသူဌေး၏မြေး သာဠှအား ပြော၏။
ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် ''အသျှင်မသုန္ဒရီနန္ဒာ လာခြင်းအကျိုးငှါသာ ဘိက္ခုနီသံဃာအား ငါ ဆွမ်းလုပ်ကျွေးခြင်း ဖြစ်သည်''ဟု (နှလုံးပိုက်၍) ''ဘိက္ခုနီမအပေါင်းတို့အား ဆွမ်းလုပ်ကျွေးကြကုန်လော့''ဟု လူတို့ကို စေခိုင်းပြီးလျှင် ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်၏။
ထိုအခိုက် သုန္ဒရီနန္ဒာဘိက္ခုနီမသည် မိဂါရသူဌေး၏မြေး သာဠှကို မျှော်လင့်လျက် အရံဝ တံခါးမုခ်၌ ရပ်နေ၏၊
သုန္ဒရီနန္ဒာဘိက္ခုနီမသည် မိဂါရသူဌေး၏မြေး သာဠှ လာနေသည်ကို အဝေးကပင် မြင်၍
ကျောင်းတွင်းသို့ ဝင်ပြီးလျင် ခေါင်းမြီးခြုံလျက် ညောင်စောင်းပေါ်၌ လျောင်းစက်နေ၏။
ထိုအခါ မိဂါရသူဌေး၏မြေး သာဠှသည် သုန္ဒရီနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင်
''အသျှင်မ သင်၏ မချမ်းသာခြင်းသည် အဘယ်ပါနည်း၊ သင်သည် အဘယ့်ကြောင့် လျောင်းစက်နေဘိသနည်း''ဟု သုန္ဒရီနန္ဒာဘိက္ခုနီမအား မေး၏၊
''ဒါယကာ မလိုလားမနှစ်သက်သူကို လိုလားနှစ်သက်နေရသော မိန်းမအား ဤအတိုင်းပင် ဖြစ်တတ်ပါ၏''ဟု ပြောဆို၏။
''အသျှင်မ အကျွန်ုပ်သည် သင့်ကို အဘယ့်ကြောင့် မလိုလားမနှစ်သက်ဘဲ ရှိအံ့နည်း၊
သို့ရာတွင် အကျွန်ုပ်သည် သင့်ကို ဖျက်ဆီးရန် အခွင့်မရခဲ့ပါ''ဟု (ဆိုကာ)
(ကာယသံသဂ္ဂရာဂ) စွတ်စိုသဖြင့် (ကာယသံသဂ္ဂရာဂ) စွတ်စိုသော သုန္ဒရီနန္ဒာဘိက္ခုနီမနှင့်အတူ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်၏။
ထိုစဉ်အခါ၌ အိုမင်းမစွမ်းသော ဘိက္ခုနီမကြီး တစ်ပါးသည် ခြေနာသောကြောင့် သုန္ဒရီနန္ဒာ ဘိက္ခုနီမ၏ အနီး၌ လျောင်းနေ၏။
ထိုဘိက္ခုနီမအိုကြီးသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသော မိဂါရ သူဌေး၏ မြေးသာဠှကို (ကာယသံသဂ္ဂရာဂ) စွတ်စိုသော သုန္ဒရီနန္ဒာဘိက္ခုနီမနှင့်အတူ ကိုယ်လက် နှီးနှောခြင်းသို့ ရောက်နေသည်ကို တွေ့မြင်၍
''အဘယ့်ကြောင့် အသျှင်မသုန္ဒရီနန္ဒာသည် (ကာယ သံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ထိုအခါ ဘိက္ခုနီမအိုကြီးသည် ရဟန်းမိန်းမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်း ကုန်သော ရောင့်ရဲလွယ်ကုန်သော ရှက်တတ်၍ ကုက္ကုစ္စရှိကုန်သော သိက္ခာသုံးပါးကို လိုလားကုန်သော ရဟန်းမိန်းမတို့သည် ''အဘယ့်ကြောင့် အသျှင်မသုန္ဒရီနန္ဒာသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည်ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထို့နောက် ထိုရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။
အလိုနည်းကုန်သော ရောင့်ရဲလွယ်ကုန်သော ရှက်တတ်၍ ကုက္ကုစ္စရှိကုန်သော သိက္ခာသုံးပါးကို လိုလားကုန်သော ထိုရဟန်းယောက်ျားတို့သည်လည်း ''အဘယ့်ကြောင့် သုန္ဒရီနန္ဒာ ဘိက္ခုနီမသည် (ကာယ သံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် သုန္ဒရီနန္ဒာဘိက္ခုနီမကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီး လျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို-
''
ရဟန်းတို့ သုန္ဒရီနန္ဒာဘိက္ခုနီမသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ)့စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာနှစ်သက်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏၊
''ရဟန်းတို့ သုန္ဒရီနန္ဒာဘိက္ခုနီမ၏ ဤ (ပြုမိသောအမှု) သည် ဘိက္ခုနီမတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ဘိက္ခုနီမတို့၏ အပြု အမူမဟုတ်၊ မအပ်၊ မပြုသင့်။
ရဟန်းတို့ အဘယ့်ကြောင့် သုန္ဒရီနန္ဒာဘိက္ခုနီသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျား၏ ကိုယ်လက်နှီးနှောခြင်းကို သာယာဘိသနည်း။
ရဟန်းတို့ ဤ (သုန္ဒရီနန္ဒာပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသောသူတို့အားလည်း တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ် နိုင်ပေ။
ရဟန်းတို့ အမှန်စင်စစ် ဤ (သုန္ဒရီနန္ဒာပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား လည်း မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အားလည်း အကြည်ညိုပျက်စေ ခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ကဲ့ရဲ့တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရီနန္ဒာဘိက္ခုနီမကို များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင်ပြုစုမွေးမြူရန် ခက်ခဲခြင်း၊ သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း၊ အလိုကြီးခြင်း၊ မရောင့်ရဲခြင်း၊ အပေါင်းအဖော်၌ မက်မောခြင်း၊ ပျင်းရိခြင်းတို့၏ ကျေးဇူးမဲ့စကားကို မိန့်တော်မူ၍ များစွာသော အကြောင်းဖြင့် ကိုယ်တိုင် ပြုစုမွေးမြူလွယ်ခြင်း၊ သူတစ်ပါးတို့က ပြုစုမွေးမြူ လွယ်ခြင်း၊ အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ကိလေသာကို ခေါင်းပါးစေခြင်း၊ ကိလေသာကို ခါထုတ်ခြင်း၊ ကြည်ညိုဖွယ် ရှိခြင်း၊ ကိလေသာကို မဆည်းပူးခြင်း၊ ဝီရိယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ်လျော်ညီသော တရားစကားကို ဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို-
''
ရဟန်းတို့ သို့ဖြစ်လျှင်-
(၁) ဘိက္ခုနီမတို့အတွက် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊
(၂) သံဃာတော်များ ချမ်းသာစေရန်၊
(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊
(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ဘိက္ခုနီမတို့ ချမ်းသာစွာ နေနိုင်ရန်၊
(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်၊
(၆) နောင်ဖြစ်လတ္တံ့သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊
(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊
(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊
(၉) သူတော်ကောင်းတရား 'သာသနာ သုံးရပ်' တည်တံ့ရန်၊
(၁၀) ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူး ဆယ်ပါးတို့ကို အစွဲပြု၍ သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၅၇။ ''အကြင်ဘိက္ခုနီမသည် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ဖြစ်၍ (ကာယသံသဂ္ဂရာဂ) စွတ်စိုသော ယောက်ျားပုဂ္ဂိုလ်၏ (မိမိ၏) ညှပ်ရိုးအောက်နှင့် ပုဆစ်ဒူးဝန်းအထက်၌ ရှေးရှုသုံးသပ်ခြင်းကိုသော်လည်းကောင်း၊ ထိုမှ ဤမှ သုံးသပ်ခြင်းကိုသော်လည်းကောင်း၊ ကိုင်ခြင်းကိုသော်လည်းကောင်း၊ တို့ထိခြင်းကို သော်လည်းကောင်း၊ ဖိညှပ်ခြင်းကိုသော်လည်းကောင်း သာယာငြားအံ့၊ ဤဘိက္ခုနီမ သည်လည်း ပုဆစ်ဒူးဝန်းအထက်၌ သုံးသပ်သည်ကို သာယာသည် ဖြစ်၍ (ဥဗ္ဘဇာဏုမဏ္ဍလိကာမည်သော) ပါရာဇိကအာပတ် သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိ'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၅၈။ အကြင်ဟူသည် အကြင်သို့သော အသွင် ပုံသဏ္ဌာန် သဘော အမှုကိစ္စ အမျိုး ဇာတ် အမည်အနွယ် အလေ့အကျင့် အနေအထိုင် ကျက်စားရာရှိသော ဆယ်ဝါရပြီးသော ဘိက္ခုနီမကြီးဖြစ်စေ ငါးဝါမရသေးသော ဘိက္ခုနီမငယ်ဖြစ်စေ ငါးဝါရ၍ ဆယ်ဝါမပြည့်သော ဘိက္ခုနီမအလတ်ဖြစ်စေ ဤအလုံးစုံ သော ဘိက္ခုနီမမျိုးကို အကြင်ဟု ဆိုအပ်၏။
ဘိက္ခုနီမဟူသည်-
(၁) (အရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ဘိက္ခုနီမ၊
(၂) ဆွမ်းခံခြင်း အကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ဘိက္ခုနီမ၊
(၃) ဆုတ်ဖြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ဘိက္ခုနီမ၊
(၄) ဘိက္ခုနီဟု သမုတ်ခြင်းကြောင့် ဘိက္ခုနီမ၊
(၅) ဘိက္ခုနီဟု ဝန်ခံခြင်းကြောင့် ဘိက္ခုနီမ၊
(၆) ဘိက္ခုနီမ လာလော့ 'ဧဟိ ဘိက္ခုနီ'ဟူသော ဘုရားစကားတော်ဖြင့် ဖြစ်သောကြောင့်
ဘိက္ခုနီမ၊
(၇) သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ဘိက္ခုနီမ၊
(၈) ကောင်းသော (သီလ စသည်နှင့် ပြည့်စုံသော) ကြောင့် ဘိက္ခုနီမ၊
(၉) (သီလစသော) အနှစ်သာရ ရှိသောကြောင့် ဘိက္ခုနီမ၊
(၁၀) (သိက္ခာသုံးပါးကို) ကျင့်ဆဲဖြစ်သောကြောင့် ဘိက္ခုနီမ၊
(၁၁) (သိက္ခာသုံးပါးကို) ကျင့်ပြီးဖြစ်သောကြောင့် ဘိက္ခုနီမ၊
(၁၂) ညီညွတ်သော နှစ်ဖက်သံဃာသည် သိစေခြင်း 'ဉတ်' လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်သောကြောင့် ဘိက္ခုနီမ မည်၏။
ထိုတစ်ဆယ့်နှစ်မျိုးသော ဘိက္ခုနီမတို့တွင် အကြင်ဘိက္ခုနီမကို ညီညွတ်သော နှစ်ဖက်သံဃာသည် သိစေခြင်း 'ဉတ်' လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်၏၊ ဤဘိက္ခုနီမကို ဤ (ပါရာဇိက) အရာ၌ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိ အပ်၏။
စွတ်စိုသည်ဖြစ်၍ မည်သည် တပ်မက်နှစ်သက်ခြင်း ရှိသည် ဖြစ်၍ ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ ရာဂနှောင်ဖွဲ့သော အချစ်စိတ်ရှိသည် ဖြစ်၍။
စွတ်စိုသော မည်သည် တပ်မက်နှစ်သက်ခြင်း ရှိသော ငဲ့ကွက်ခြင်း ရှိသော ရာဂနှောင်ဖွဲ့သော အချစ်စိတ် ရှိသော။
ယောက်ျားပုဂ္ဂိုလ် မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ လူယောင် ဖန်ဆင်းထားသော တိရစ္ဆာန်ယောက်ျား မဟုတ်၊ ကိုယ်လက်နှီးနှောမှုကို ပြုကျင့်ခြင်းငှါ သိကြားလိမ္မာ စွမ်းနိုင်သော လူယောက်ျားသာတည်း။
ညှပ်ရိုးအောက်ဟူသည် ညှပ်ရိုးမှ အောက်ပင်တည်း။
ပုဆစ်ဒူးဝန်းအထက်ဟူသည် ပုဆစ်ဒူးဝန်းမှ အထက်ပင်တည်း။
ရှေးရှုသုံးသပ်ခြင်း မည်သည် သုံးသပ်ကာမျှတည်း။
ထိုမှဤမှသုံးသပ်ခြင်း မည်သည် ထိုမှ ဤမှ ရွေ့ရှားခြင်းတည်း။
ကိုင်ခြင်း မည်သည် ကိုင်တွယ်ကာမျှတည်း။
တို့ထိခြင်း မည်သည် ထိကာမျှတည်း။
ဖိညှပ်ခြင်းကိုလည်း သာယာငြားအံ့ဟူသည် အင်္ဂါကြီးငယ်ကို ဆုပ်ကိုင်၍ ဖိညှပ်ခြင်းကို သာယာနှစ် သက်၏၊
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးဖြစ်သော မေထုန်ပါရာဇိကစသည်တို့သို့ ရောက်သော ရဟန်းမိန်းမကို ထောက်၍ ဆိုအပ်၏။
ပါရာဇိကအာပတ် သင့်၏ဟူသည် ဥပမာအားဖြင့် ဦးခေါင်းပြတ်ပြီးသော ယောက်ျားသည် ထိုဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပြန်၍ ဆက်စပ်သော်လည်း အသက်ရှင်ဖို့ရာ မဖြစ်နိုင်သကဲ့သို့ ဤအတူ ဤ ဘိက္ခုနီမသည် ကာယသံသဂ္ဂရာဂစွတ်စိုသည်ဖြစ်၍ ကာယသံသဂ္ဂရာဂစွတ်စိုသော ယောက်ျား၏ ညှပ်ရိုးမှ အောက် ပုဆစ်ဒူးဝန်းမှအထက်ကို ရှေးရှုသုံးသပ်ခြင်းကိုလည်းကောင်း၊ ထိုမှဤမှ သုံးသပ်ခြင်းကိုလည်း ကောင်း၊ ကိုင်ခြင်းကိုလည်းကောင်း၊ တို့ထိခြင်းကိုလည်းကောင်း၊ ဖိညှပ်ခြင်းကိုလည်းကောင်း သာယာ နှစ်သက်သောကြောင့် ဘိက္ခုနီမ မဟုတ်တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊
ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟု ဆိုရ၏။
ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိဟူရာ၌ ပေါင်းသင်းခြင်း မည်သည် အတူ တကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤအလုံးစုံ သည် ပေါင်းသင်းခြင်းမည်၏။
ထိုပေါင်းသင်းခြင်းသည် ထို (ပါရာဇိကကျသော) ဘိက္ခုနီမနှင့် အတူမ ရှိတော့ပေ၊ ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။
၆၅၉။ နှစ်ဦးနှစ်ဖက်လုံး (ကာယသံသဂ္ဂရာဂ) စွတ်စိုသည်ရှိသော် ညှပ်ရိုးအောက်နှင့် ပုဆစ် ဒူးဝန်းအထက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ပါရာဇိကအာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သောဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ် အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညှပ်ရိုးမှ အထက် ပုဆစ်ဒူးဝန်းမှ အောက်ကို ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သောဝတ္ထုဖြင့် ကိုယ်နှင့်စပ်သောဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၆၆၀။ တစ်ဦး တစ်ဖက်သာလျှင် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ရှိသော် ညှပ်ရိုးအောက် ပုဆစ် ဒူးဝန်း အထက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညှပ်ရိုးအထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၆၆၁။ နှစ်ဦးနှစ်ဖက်လုံးပင်လျှင် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ရှိသော် ဘီလူး ပြိတ္တာ ပဏ္ဍုက် နှင့် လူယောင်ဖန်ဆင်းသော တိရစ္ဆာန်တို့၏ ညှပ်ရိုးအောက်နှင့် ပုဆစ်ဒူးဝန်းမှ အထက်၌ ကိုယ်ဖြင့် ကိုယ် ကို သုံးသပ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညှပ်ရိုးအထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၆၆၂။ တစ်ဦးတစ်ဖက်သာလျှင် (ကာယသံသဂ္ဂရာဂ) စွတ်စိုသည် ရှိသော် ညှပ်ရိုးအောက်နှင့် ပုဆစ်ဒူးဝန်း အထက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့် စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညှပ်ရိုးအထက်နှင့် ပုဆစ်ဒူးဝန်းအောက်၌ ကိုယ်ဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်ဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်ကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် ကိုယ်နှင့်စပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်လွှတ်အပ်သော ဝတ္ထုဖြင့် စွန့်လွှတ်အပ်သော ဝတ္ထုကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၆၆၃။ စိတ်စေတနာမရှိသော ဘိက္ခုနီမ၊ သတိမေ့လျော့သော ဘိက္ခုနီမ၊ မသိသော ဘိက္ခုနီမ၊ မသာယာသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ စိတ်ပျံ့လွင့်သော ဘိက္ခုနီမ၊ ဝေဒနာနှိပ်စက်သော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား အာပတ်မသင့်။
ပဌမ ပါရာဇိကသိက္ခာပုဒ် ပြီး၏။