Issues
Select Version
元亨寺·CBETA
中文
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Saṅghādisesakaṇḍaṃ (bhikkhunīvibhaṅgo)

Author: my-tipitaka @ visuddhinanda

အသျှင်မတို့ တစ်ဆယ့်ခုနစ်ပါးကုန်သော ဤသံဃာဒိသိသ်အာပတ်တို့သည်
သရုပ်အားဖြင့် ပြဆိုအပ် သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၆၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဥပါသကာတစ်ယောက်သည် ဘိက္ခုနီသံဃာအား ဘဏ္ဍာတိုက်ကို ပေးလှူပြီးနောက် ကွယ်လွန်သွားလေ၏၊
ထိုဥပါသကာအား သားနှစ်ယောက်ရှိသည့် အနက် တစ်ယောက်သည် သဒ္ဓါတရားမရှိ မကြည်ညို၊ တစ်ယောက်ကား သဒ္ဓါတရားရှိ၏ ကြည်ညို၏၊
ထိုသားနှစ်ယောက်တို့သည် အဖမှ လာသော ဥစ္စာနှစ်ကို ခွဲဝေကုန်၏။
ထိုအခါ သဒ္ဓါတရားမရှိသော မကြည်ညိုသော သူက သဒ္ဓါတရားရှိသော ကြည်ညိုသော သူကို
''ငါတို့အား ဘဏ္ဍာတိုက်သည် ရှိ၏၊ ထိုဘဏ္ဍာတိုက်ကို ခွဲဝေကြစို့''
ဟု ပြောဆိုလာသည်ရှိသော် ထိုသဒ္ဓါတရားရှိသော ကြည်ညိုသောသူက ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသောသူကို
''အမောင် ဤသို့ မဆိုလင့်၊ ငါတို့၏ အဖသည် ဘိက္ခုနီ သံဃာအား ပေးလှူထားပြီ''ဟု ပြောဆို၏။
နှစ်ကြိမ်မြောက်လည်း ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူက ထိုသဒ္ဓါတရားရှိသော ကြည်ညိုသော သူကို
''ငါတို့အား ဘဏ္ဍာတိုက်သည် ရှိ၏၊ ထိုဘဏ္ဍာတိုက်ကို ခွဲဝေကြစို့''ဟု ဆို၏။
ထိုအခါ သဒ္ဓါတရားရှိသော ကြည်ညိုသောသူက ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသောသူကို
''အမောင် ဤသို့ မဆိုပါလင့်၊ ငါတို့၏ အဖသည် ဘိက္ခုနီသံဃာအား ပေးလှူထားပြီ''ဟု ပြောဆို၏။
သုံးကြိမ်မြောက်လည်း ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူက ထိုသဒ္ဓါတရားရှိသော ကြည်ညိုသော သူကို
''ငါတို့အား ဘဏ္ဍာတိုက်သည် ရှိ၏၊ ထိုဘဏ္ဍာတိုက်ကို ခွဲဝေကြစို့''ဟု ဆို၏။
ထိုအခါ သဒ္ဓါတရားရှိသော ကြည်ညိုသောသူက
''အကယ်၍ ငါပိုင်ဖြစ်ခဲ့ပါမူ ငါသည်လည်း ဘိက္ခုနီ သံဃာအား ပေးလှူအံ့''ဟု (နှလုံးသွင်း၍)
''ခွဲဝေကြစို့''ဟု ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူအား ပြောဆိုပြီးနောက် ခွဲဝေသောအခါ (ထိုဘဏ္ဍာတိုက်သည်) ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူထံသို့ ရောက်ခဲ့၏။
ထိုအခါ ထိုသဒ္ဓါတရားမရှိသော မကြည်ညိုသော သူသည် ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်၍
''အသျှင်မတို့ ထွက်ကုန်လော့၊ အကျွန်ုပ်၏ ဘဏ္ဍာတိုက်တည်း''ဟု စကားဆိုသည်ရှိသော် ထုလ္လနန္ဒာ ဘိက္ခုနီမသည်
''အမောင် ဤသို့ မဆိုပါလင့်၊ သင်တို့၏ အဖသည် ဘိက္ခုနီသံဃာအား ပေးလှူထားပြီး ဖြစ်ပါသည်''ဟု ထိုယောက်ျားအား ပြောဆို၏။
'လှူပြီး မလှူရသေး'ဟု ငြင်းခုံလျက် တရားဆုံးဖြတ်သော အမတ်ကြီးတို့ကို မေးသဖြင့်
''အသျှင်မတို့ ဘိက္ခုနီသံဃာအား ပေးလှူထားပြီးဟု အဘယ်သူသည် သိသနည်း''ဟု အမတ်ကြီးတို့က မေးကုန်၏။
ဤသို့ မေးသည်ရှိသော် ထုလ္လနန္ဒာဘိက္ခုနီမသည်
''အမောင်တို့ အသိသက်သေထား၍ ပေးလှူ စွန့်ကြဲသော အလှူကို သင်အမတ်ကြီးတို့သည် မြင်လည်း မြင်ဖူးသလော ကြားလည်း ကြားဖူးသလော''ဟု ထိုအမတ်ကြီးတို့အား ပြောဆို၏။
ထိုအခါ အမတ်ကြီးတို့က
''အသျှင်မတို့သည် မှန်ကန်သော စကားကို ဆိုကုန်၏''ဟု ထိုဘဏ္ဍာ တိုက်ကို ဘိက္ခုနီသံဃာပိုင် ပြုကြကုန်၏။
ထိုယောက်ျားသည် ရှုံးသောကြောင့် ဤခေါင်းတုံးဦးပြည်း အမျိုးယုတ်မတို့သည် ဘိက္ခုနီမ မဟုတ်ကုန်၊
''အဘယ့်ကြောင့် ငါတို့၏ ဘဏ္ဍာတိုက်ကို လုယက်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် အမတ်ကြီးတို့အား ဤအကြောင်းကို ပြောကြားသဖြင့် အမတ်ကြီးတို့က ထိုယောက်ျားကို ဒဏ်ထားကုန်၏။
ထိုအခါ ဒဏ်ထားခံရသော ထိုယောက်ျားသည် ဘိက္ခုနီမတို့ ကျောင်းအနီး၌ တက္ကတွန်းကျောင်းကို ဆောက်လုပ်စေ၍ တက္ကတွန်းတို့အား
''ထိုဘိက္ခုနီမတို့ကို ဆဲရေးတိုင်းထွာ ကြကုန်လော့''ဟု တိုက်တွန်း၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် အမတ်ကြီးတို့အား ဤအကြောင်းကို ပြောကြား ပြန်သဖြင့် အမတ်ကြီးတို့က ထိုယောက်ျားကို နှောင်ဖွဲ့စေကုန်၏။
လူအပေါင်းတို့က
''ဘိက္ခုနီမတို့သည် ရှေးဦးစွာ ဘဏ္ဍာတိုက်ကို လုယက်ကုန်၏၊ နှစ်ကြိမ်မြောက် ဒဏ်ထားစေကုန်၏၊ သုံးကြိမ်မြောက် နှောင်ဖွဲ့စေကုန်၏၊ ယခုအခါ၌မူကား သတ်စေကုန်လတ္တံ့''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည်
''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ငြင်းခုံရန်ပွါး (တရား တွေ့လျက်) နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ငြင်းခုံရန်ပွါး (တရားတွေ့) လျက်နေ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့်ထုလ္လနန္ဒာ ဘိက္ခုနီမသည် ငြင်းခုံရန်ပွါး (တရားတွေ့) လျက် နေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၇၉။ ''အကြင်ဘိက္ခုနီမသည် သူကြွယ်နှင့်သော်လည်းကောင်း၊ သူကြွယ်သား နှင့်သော်လည်းကောင်း၊ ကျွန်နှင့်သော်လည်းကောင်း၊ အမှုလုပ်နှင့်သော်လည်းကောင်း၊ အယုတ်အားဖြင့် ရဟန်းပရိဗိုဇ်နှင့်သော်လည်းကောင်း ငြင်းခုံရန်ပွား (တရားတွေ့၍) နေငြားအံ့၊ ဤဘိက္ခုနီမသည် ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည် ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၈၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟု အလိုရှိအပ်၏။
ငြင်းခုံရန်ပွါး (တရားတွေ့လျက်) မည်သည် တရားတွေ့ခြင်းကို ဆို၏။
သူကြွယ် မည်သည် အိမ်၌ အုပ်စိုး၍ နေသော တစ်စုံတစ်ယောက်သော သူတည်း။
သူကြွယ်၏သား မည်သည် တစ်စုံတစ်ယောက်သော သား ညီ အစ်ကိုတို့တည်း။
ကျွန် မည်သည် အိမ်၌ပေါက်ဖွားသောကျွန်၊ ငွေဝယ်ကျွန်၊ သုံ့ရကျွန်တည်း။
အမှုလုပ် မည်သည် သူရင်းငှါးဟု ဝန်ခံသော သူတည်း။
ရဟန်းပရိဗိုဇ် မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမ သိက္ခမာန် သာမဏေ သာမဏေမိန်းမမှ တစ်ပါး တစ်စုံတစ်ယောက် ပရိဗိုဇ်၌ အကျုံးဝင်သော သူတည်း။
''တရားတွေ့အံ့''ဟူ၍ အဖော်ကိုလည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ် ယောက်သော သူအား ပြောကြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဖော်အား ပြောကြားအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။
တရားတွေ့ခြင်း အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူး၍ ကျင့်သည်နှင့် တစ်ပြိုင် နက် အာပတ် သင့်၏။ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ်သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်ဟူသည် သံဃာမှ နှင်ထုတ်စေတတ်၏။
သံဃာဒိသိသ် အာပတ်ဟူသည် သံဃာသည်သာလျှင် ထိုအာပတ်၏ မာနတ်ကို ပေးရ၏၊ အရင်းသို့ ငင်ရ၏၊ အဗ္ဘာန်သွင်းရ၏၊ ဘိက္ခုနီမနှစ်ပါး သုံးပါးသည်လည်းကောင်း၊ တစ်ပါးသည်လည်း ကောင်း မာနတ်ကို မပေးရ၊ အရင်းသို့ မငင်ရ၊ အဗ္ဘာန်မသွင်းရ၊
ထို့ကြောင့် သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏၊
(သံဃာဒိသိသ်ဟူသော အမည်သည်) ထိုအာပတ်အပေါင်း၏ အမည်သာလျှင်တည်း၊
ထို့ကြောင့်လည်း ''သံဃာဒိသိသ်''ဟု ဆိုအပ်၏။
၆၈၁။ လူအပေါင်းတို့က တရားသူကြီးထံသို့ ဆွဲငင်သောကြောင့် သွားအံ့၊ အစောင့်အရှောက်ကို တောင်းအံ့၊ မရည်စူးဘဲ ပြောကြားအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။