Issues
Select Version
元亨寺·CBETA
中文
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

7. Sattamasaṅghādisesasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၇၀၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ စဏ္ဍကာဠီဘိက္ခုနီမသည် ဘိက္ခုနီမတို့နှင့် ခိုက်ရန် ဖြစ်ပြီးလျှင် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''မြတ်စွာဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤ ဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်အံ့''ဟု ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မစဏ္ဍကာဠီသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'မြတ်စွာဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စ ရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမ တို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့'ဟု ဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''
ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'မြတ်စွာဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့ သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြား ဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့် တော့အံ့'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤ ဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့''ဟု ဆိုဘိသနည်း။
ရဟန်းတို့ ဤ (စဏ္ဍကာဠီပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၁၀။ ''အကြင်ဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့် ''ဘုရားကို စွန့်ပါ၏၊
တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ အကျင့်သိက္ခာကို စွန့်ပါ၏၊
သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည် သာလျှင် ဘိက္ခုနီမတို့လော၊
ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့''ဟု ပြောငြားအံ့။
ထိုဘိက္ခုနီမကို ဘိက္ခုနီမတို့သည် 'အသျှင်မ အမျက်ထွက်၍ နှလုံးမသာသောကြောင့် ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရား သမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့ သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြား ဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့ဟု မပြောဆိုပါလင့်၊ အသျှင်မ မွေ့လျော်ပါလော့၊ မြတ်စွာ ဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူ၏၊ ဆင်းရဲ၏ အဆုံးကို ပြုရန်အလို့ငှါ အကျင့်မြတ်ကို ကောင်းစွာ ကျင့်ပါလော့'ဟု ပြောဆိုဆုံးမရာ၏၊
ဤသို့လျှင် ထိုဘိက္ခုနီမကို (အခြား) ဘိက္ခုနီမတို့က ပြောဆိုဆုံးမပါလျက် ထိုရှေးအတူသာလျှင် ချီးမြှောက်ငြားအံ့၊ ထိုဘိက္ခုနီ မကို ဘိက္ခုနီမတို့သည် သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊
သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမအပ်သည် ဖြစ်၍ ထိုအယူကို အကယ်၍ စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏။
အကယ်၍ မစွန့်ငြားအံ့၊ ဤဘိက္ခုနီမသည်လည်း သုံးကြိမ် တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်၏ အခြားမဲ့၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၁၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အမျက်ထွက်၍ နှလုံးမသာသောကြောင့်ဟူသည် မမွေ့လျော်သော စိတ် ရှိသည်ဖြစ်၍ ထိခိုက်သော စိတ်ရှိသည်ဖြစ်၍ ငြောင့်ကဲ့သို့ဖြစ်သော စိတ် ရှိသည်ဖြစ်၍။
ဤသို့ပြောဆိုငြားအံ့ဟူသည်
ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊
သာကီဝင် မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊
ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ အကျင့်မြတ်ကို ကျင့်တော့အံ့ဟု ပြောဆို၏။
ထိုဘိက္ခုနီမကိုဟူသည် ဤသို့ ပြောလေ့ရှိသော ဘိက္ခုနီမကို။
ဘိက္ခုနီမတို့ကဟူသည် အခြားသော ဘိက္ခုနီမတို့သည်။
မြင်ကုန် ကြားကုန်သော ဘိက္ခုနီမတို့သည် ''အသျှင်မ အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'မြတ်စွာဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့အံ့'ဟု မဆိုပါလင့်၊ အသျှင်မ မွေ့လျော်ပါလော့၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူ၏၊ ဆင်းရဲ၏ အဆုံးကို ပြုရန် အလို့ငှါ အကျင့်မြတ်ကို ကောင်းစွာ ကျင့်ပါလော့''ဟု ပြောဆို ဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြား၍ မပြောဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို သံဃာအလယ်သို့လည်း ဆွဲငင်၍ ''အသျှင်မ အမျက်ထွက်၍ နှလုံးမသာသောကြောင့် 'ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊ သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊ ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်တော့အံ့'ဟု မဆိုပါလင့်၊ အသျှင်မ မွေ့လျော်ပါလော့၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူ၏၊ ဆင်းရဲ၏ အဆုံးကို ပြုရန်အလို့ငှါ အကျင့်မြတ်ကို ကောင်းစွာ ကျင့်ပါလော့''ဟု ပြောဆို ဆုံးမရမည်။
နှစ်ကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
သုံးကြိမ်မြောက်လည်း ပြောဆိုဆုံးမရမည်။
အကယ်၍ အယူကို စွန့်အံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ အယူကို မစွန့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုဘိက္ခုနီမကို ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆုံးမရမည်။
ရဟန်းတို့ ဤသို့လျှင် ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဘိက္ခုနီမသည် သံဃာကို သိစေရမည်။
၇၁၂။ ''အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမသည် အမျက်ထွက်၍ နှလုံးမသာသောကြောင့်
'ဘုရားကို စွန့်ပါ၏၊ တရားကို စွန့်ပါ၏၊ သံဃာကို စွန့်ပါ၏၊ အကျင့်သိက္ခာကို စွန့်ပါ၏၊
သာကီဝင်မင်းသမီး ဘုရားသမီးတော်ဖြစ်သော ဤဘိက္ခုနီမတို့သည် သာလျှင် ဘိက္ခုနီမတို့လော၊
ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန်သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်အံ့'ဟု ပြောဆို၏၊
ထိုဘိက္ခုနီမသည် ထိုဝတ္ထုကို မစွန့်၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်မတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ဘိက္ခုနီမ သည် အမျက်ထွက်၍ နှလုံးမသာသောကြောင့်
'ဘုရားကို စွန့်ပါ၏။ပ။ အကျင့်သိက္ခာကို စွန့်ပါ၏၊
သာကီဝင်မင်းသမီး ဘုရားသမီးတော် ဖြစ်သော ဤဘိက္ခုနီမတို့သည်သာလျှင် ဘိက္ခုနီမတို့လော၊
ရှက်တတ်၍ ကုက္ကုစ္စရှိသော အကျင့်သိက္ခာကို လိုလားသူ အခြားဘိက္ခုနီမတို့သည်လည်း ရှိကုန် သေး၏၊ ငါသည် ထိုဘိက္ခုနီမတို့၏အထံ၌ မြတ်သောအကျင့်ကို ကျင့်အံ့'ဟု ပြောဆို၏၊
ထိုဘိက္ခုနီမသည် ထိုဝတ္ထုကို မစွန့်၊
သံဃာသည် ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမ၏၊
ဤမည်သော ဘိက္ခုနီမကို ထိုဝတ္ထုကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမခြင်းကို အကြင်အသျှင်မအား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်မသည် ဆိတ်ဆိတ့်နေရာ၏၊
အကြင်အသျှင်မအား နှစ်သက်ခြင်း မရှိ။ ထိုအသျှင်မ သည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏။ပ။
သံဃာသည် ဤမည်သော ဘိက္ခုနီမအား ထိုအယူကို စွန့်စေခြင်းငှါ ဉတ်ကမ္မဝါစာဖြင့် ကောင်းစွာ ဆိုဆုံးမအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသိသ်အာပတ် သင့်၏။
သံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်တို့၏အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်းကုန်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်သော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
သုံးကြိမ်တိုင်အောင်ဟူသည် သုံးကြိမ်မြောက်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသောကြောင့် သင့်၏၊ ဝတ္ထုကို လွန်ကျူးသည်နှင့်တစ်ပြိုင်နက် သင့်သည်မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၇၁၃။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ အယူကို မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၇၁၄။ ဉတ်ကမ္မဝါစာဖြင့် မဆိုမဆုံးမရသေးသော ဘိက္ခုနီမ၊ အယူကို စွန့်သော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။