၈၉၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထားခဲ့၍ သင်းပိုင်ကိုယ်ဝတ်ဖြင့်သာလျှင် ဇနပုဒ်၌ လှည့်လည်ဖဲသွားကုန်၏။
ထိုသင်္ကန်းတို့သည် ကြာမြင့်စွာ ထားသောကြောင့် မှိုတက်ကုန်၏။
ထိုဘိက္ခုနီမတို့သည် ထိုသင်္ကန်း တို့ကို နေလှန်းကုန်၏။
အခြားဘိက္ခုနီမတို့က ''အသျှင်မတို့ (ချွေးစိုသော နေရာ၌) မှိုတက်သော ဤသင်္ကန်းတို့သည် အဘယ်သူ၏ သင်္ကန်းတို့နည်း''ဟု နေလှန်းသော ထိုဘိက္ခုနီမတို့အား မေးကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
အလို နည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင်ကိုယ်ဝတ်ဖြင့် ဇနပုဒ်၌ လှည့်လည်ဖဲသွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင်ကိုယ် ဝတ်ဖြင့် ဇနပုဒ်၌ လှည့်လည်ဖဲသွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင် ကိုယ်ဝတ်ဖြင့် ဇနပုဒ်၌ လှည့်လည် ဖဲသွားကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၉၈။ ''အကြင် ဘိက္ခုနီမသည် သင်္ကန်းလှည့်လည်ဝတ်ခြင်းကို ငါးရက်ထက် လွန်စေ ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၉၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သင်္ကန်းလှည့်လည်ဝတ်ခြင်းကို ငါးရက်ထက် လွန်စေငြားအံ့ဟူသည် ငါးရက်မြောက်သော နေ့၌ သင်္ကန်းငါးထည်တို့ကို မဝတ်မရုံ နေမလှန်းအံ့၊ ငါးရက်မြောက်နေ့ကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၀၀။ ငါးရက်ထက် ပိုလွန်သည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ငါးရက်ထက် ပိုလွန်သည်၌ ယုံမှားရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ငါးရက်ထက် ပိုလွန်သည်၌ မပိုလွန်ဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ငါးရက်ထက် မပိုလွန်သေးသည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ငါးရက်ထက် မပိုလွန်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ငါးရက်ထက် မပိုလွန်သည်၌ မပိုလွန်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၀၁။ ငါးရက်မြောက်သောနေ့၌ သင်္ကန်းငါးထည်တို့ကို ဝတ်မူလည်း ဝတ်အံ့၊ ရုံမူလည်း ရုံအံ့၊ နေလှန်းမူလည်း နေလှန်းအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။