၈၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ပုဏ္ဏားတစ်ယောက်၏ မုယော 'ဗာလီ' ခင်းသည့်ဘိက္ခုနီမတို့၏ ကျောင်းကို အမှီပြုကာ ဖြစ်လျက် ရှိ၏။
ဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း လယ်၌ စွန့်ကုန်၏။
ထိုအခါ ထိုပုဏ္ဏားသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ငါတို့၏ မုယော 'ဗာလီ' ခင်းကို ဖျက်ဆီးကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုပုဏ္ဏား၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကိုလည်းကောင်း၊ စားကြွင်းကိုလည်းကောင်း စိမ်းရှင်သော မြက်သစ်ပင် ရှိရာ အရပ်၌ စွန့်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း၊ အမှိုက်ကို လည်းကောင်း၊ စားကြွင်းကိုလည်းကောင်း စိမ်းရှင်သော မြက်သစ်ပင် ရှိရာ အရပ်၌ စွန့်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ကျင်ကြီးကိုသော်လည်းကောင်း၊ ကျင်ငယ်ကိုသော်လည်းကောင်း၊ အမှိုက်ကိုသော်လည်းကောင်း၊ စားကြွင်းကိုသော်လည်းကောင်း စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ်၌ စွန့်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၂၉။ ''အကြင်ဘိက္ခုနီမသည် ကျင်ကြီးကိုသော်လည်းကောင်း၊ ကျင်ငယ်ကို သော်လည်းကောင်း၊ အမှိုက်ကိုသော်လည်းကောင်း၊ စားကြွင်းကိုသော်လည်းကောင်း စိမ်းရှင်သော မြက်သစ်ပင်ရှိရာ အရပ်၌ စွန့်မူလည်း စွန့်ငြားအံ့၊ စွန့်စေမူလည်း စွန့်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၃၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကျင်ကြီး မည်သည် မစင်ကို ဆို၏။
ကျင်ငယ် မည်သည် ဆီးကို ဆို၏။
အမှိုက် မည်သည် တံမြက်ချေးစုကို ဆို၏။
စားကြွင်း မည်သည်စားဖတ်တို့သည်လည်းကောင်း၊ အရိုးတို့သည်လည်းကောင်း၊ လုတ်ဆေးရေ သည်လည်းကောင်းတည်း။
စိမ်းရှင်သော မြက်သစ်ပင် မည်သည် ကောက်မျိုးသည်လည်းကောင်း၊ ပဲမျိုးသည်လည်းကောင်း၊ လူတို့ စိုက်ပျိုးသော အတွင်းအပအသုံးအဆောင်သည်လည်းကောင်းတည်း။
စွန့်ငြားအံ့ဟူသည် ကိုယ်တိုင် စွန့်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
စွန့်စေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တစ်ကြိမ်တစ်ခါသာ စေခိုင်းပါလျက် အကြိမ်များစွာ စွန့်အံ့၊ ပါစိတ်အာပတ် သင့်၏။
၈၃၁။ စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ်၌ စိမ်းရှင်သော မြက်သစ်ပင်ရှိ၏ဟု အမှတ်ရှိသည်ဖြစ်၍ စွန့်မူလည်း စွန့်အံ့၊ စွန့်စေမူလည်း စွန့်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ်၌ ယုံမှားရှိသည်ဖြစ်၍ စွန့်မူလည်း စွန့်အံ့၊ စွန့်စေမူလည်း စွန့်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ်၌ စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ် မဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ စွန့်မူလည်း စွန့်အံ့၊ စွန့်စေမူလည်း စွန့်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ် မဟုတ်သည်၌ စိမ်းရှင်သော မြက်သစ်ပင် ရှိ၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ် မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ် မဟုတ်သည်၌ စိမ်းရှင်သော မြက်သစ်ပင်ရှိရာအရပ် မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၈၃၂။ ကြည့်ရှု၍ စွန့်အံ့၊ လယ်ကန်သင်း၌ စွန့်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ စွန့်အံ့၊ အာပတ် မသင့်။
ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။