၇၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်သတ္တိ ရှိ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ချမ်းအေးသော အခါ၌ အဖိုးများစွာ ထိုက်သော ကမ္ဗလာ ကို ခြုံကာ ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်၍
ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊
တစ်ခု သော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းကြီးကို ထုလ္လနန္ဒာဘိက္ခုနီမသည် တရားစကား ဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏။
ထိုအခါ ထုလ္လနန္ဒာဘိက္ခုနီမက တရားစကားဖြင့် (အကျိုးစီးပွါကို) သိမြင်စေ၍ (တရားကို) ဆောက် တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် ပသေနဒီကောသလမင်းကြီးသည် ''အသျှင်မ အလိုရှိရာ ဝတ္ထုကို ပြောဆိုပါလော့''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား လျှောက်၏။
''မင်းမြတ် သင်သည် အကျွန်ုပ်အား အကယ်၍ လှူလိုပါမူ ဤကမ္ဗလာ 'သက္ကလတ်'ကို ပေးလှူလော့''ဟု ဆိုသဖြင့်
ပေးလှူခဲ့ပြီးနောက် နေရာမှ ထပြီးလျှင် ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားလေ၏။
လူတို့သည် ''ဤဘိက္ခုနီမတို့သည် အလိုကြီးကုန်၏၊ မရောင့်ရဲကုန်၊ အဘယ့်ကြောင့် မင်းကြီး၏ ကမ္ဗလာကို တောင်းကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် မင်းကြီး၏ ကမ္ဗလာကို တောင်းလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် မင်းကြီး၏ ကမ္ဗလာကို တောင်း၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် မင်းကြီး၏ ကမ္ဗလာကို တောင်းလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၈၄။ ''လေးသော ခြုံထည်ကို တောင်းသော ဘိက္ခုနီမသည် လေးကံသထိုက်သော ခြုံထည်ကို တောင်းရမည်၊
ထို့ထက်အလွန် (အဖိုးထိုက်သော ခြုံထည်ကို) တောင်းငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၈၅။ လေးသောခြုံထည် မည်သည် ချမ်းအေးသော အချိန်၌ (အသုံးပြုသော) ခြုံထည် တစ်ထည် ထည်တည်း။
တောင်းသောဘိက္ခုနီမသည်ဟူသည် သိစေသော ဘိက္ခုနီမသည်။
လေးကံသထိုက်သော ခြုံထည်ကို တောင်းရမည်ဟူသည် တစ်ဆယ့်ခြောက်သပြာထိုက်သော ခြုံထည်ကို တောင်းရမည်။
ထို့ထက်အလွန် (အဖိုးထိုက်သော ခြုံထည်ကို) တောင်းငြားအံ့ဟူသည် ထို့ထက် ပိုလွန်၍ (အဖိုးထိုက်သော ခြုံထည်ကို) သိစေအံ့။ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမ တစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်။
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။ ''အသျှင်မတို့ ဤခြုံထည်သည် လေးကံသ 'တစ်ဆယ့်ခြောက်သပြာ' ထက်အလွန် အကျွန်ုပ် တောင်းအပ်သည် ဖြစ်၍ စွန့်အပ်ပါ၏။ အကျွန်ုပ်သည် ဤခြုံထည်ကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၈၆။ လေးကံသထက် လွန်သည်၌ လွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လေးကံသထက် လွန်သည်၌ ယုံမှားရှိသည်ဖြစ်၍ တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လေးကံသထက် လွန်သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လေးကံသအောက် ယုတ်လျော့သည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လေးကံသအောက် ယုတ်လျော့သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လေးကံသအောက် ယုတ်လျော့သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိ၍ တောင်းအံ့၊ အာပတ် မသင့်။
၇၈၇။ လေးကံသ အတိုင်းအရှည်ရှိသော ခြုံထည်ကို တောင်းအံ့၊ လေးကံသအောက် ယုတ်လျော့ သော အတိုင်းအရှည်ရှိသော ခြုံထည်ကို တောင်းအံ့၊ အဆွေအမျိုးတော်သူတို့ကို တောင်းအံ့၊ ဖိတ်ထားသူ တို့ကို တောင်းအံ့၊ သူတစ်ပါးအကျိုးငှါ တောင်းအံ့၊ မိမိဥစ္စာဖြင့် ဝယ်စေအံ့၊ အဖိုးများစွာထိုက်သော ခြုံထည်ကို တောင်းစေလိုသောသူအထံ၌ အဖိုးအနည်းငယ်ထိုက်သော ခြုံထည်ကို တောင်းအံ့၊ အာပတ် မသင့်။
ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဧကာဒသမသိက္ခာပုဒ် ပြီး၏။