Issues
選擇版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၁၁၉၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီမတစ်ပါးသည် မိန်းမတစ်ယောက်၏ ဆရာ ဘိက္ခုနီမဖြစ်၏။
ထိုအခါ ထိုမိန်းမသည် ''အသျှင်မ ဤခါးကြိုးတန်ဆာကို ဤမည်သော မိန်းမအား ပေးလိုက်ပါ လော့''ဟု ထိုဘိက္ခုနီမအား ပြောဆို၏။
ထိုအခါ ထိုဘိက္ခုနီမသည် ''အကယ်၍ ငါသည် သပိတ်ဖြင့် ယူသွားအံ့၊ ငါ့အား ဖောက်ပြန်သော အသံ၁ ဖြစ်ရလတ္တံ့''ဟု ခါး၌ စွပ်၍ သွား၏။
ထိုခါးကြိုးချည်မျှင်တို့သည် ပြတ်သည်ရှိသော် ခရီးလမ်းမ၌ (ကျောက်မျက်ရတနာတို့သည်) ဖရိုဖရဲ ပြန့်ကြဲကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမတို့ ကဲ့သို့ ခါးကြိုးတန်ဆာကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ခါးကြိုးတန်ဆာကို ဆောင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် ခါးကြိုးတန်ဆာကို ဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် ခါးကြိုးတန်ဆာကို ဆောင်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၉၁။ ''အကြင်ဘိက္ခုနီမသည် ခါးကြိုးတန်ဆာကို ဆောင်ငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။ ၃-တတိယသိက္ခာပုဒ် အဖွင့်
၁၁၉၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ခါးကြိုးတန်ဆာ မည်သည် ခါး၌ ဆင်မြန်းသော တန်ဆာတစ်ခုခုတည်း။
ဆောင်ငြားအံ့ဟူသည် တစ်ကြိမ်တစ်ခါသော်လည်း ဆောင်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၁၉၃။ အနာဟူသော အကြောင်းကြောင့် အာပတ် မသင့်၊ ခါးစည်းကြိုး သက်သက်ကို ဆောင်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။ ၁။ ကျောက်မျက်ရတနာဖြင့် သပိတ်ကို ပွတ်တိုက်မိသောအသံ