Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

4. Catutthasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၈၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္နာဘိက္ခုနီမသည် လမ်းမကြီး၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော ခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း၊ ယောက်ျားနှင့်အတူ တစ်ယောက် ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏၊ နားရင်းသို့ကပ်၍ တိုးတိုးသာသာလည်း ပြောဆို၏၊ အဖော်ဖြစ်သော ဘိက္ခုနီမကိုလည်း ပြန်လွှတ်လိုက်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အသျှင်မထုလ္လနန္နာသည် လမ်းမကြီး၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော ခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း အဘယ့်ကြောင့် ယောက်ျားနှင့် အတူ တစ်ယောက်ချင်းချင်း ရပ်လေဘိသနည်း၊ စကားလည်း ပြောလေဘိသနည်း၊ နားရင်း၌ ကပ်၍ တိုးတိုးသာသာလည်း ပြောဆိုဘိသနည်း၊ အဖော်ဖြစ်သော ဘိက္ခုနီမကိုလည်း ပြန်လွှတ်လိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္နာဘိက္ခုနီမသည် လမ်းမကြီး၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော ခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်၏၊ စကားလည်း ပြော၏၊ နားရင်း၌ ကပ်၍ တိုးတိုးသာသာလည်း ပြောဆို၏၊ အဖော်ဘိက္ခုနီမ ကိုလည်း ပြန်လွှတ်လိုက်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္နာ ဘိက္ခုနီမသည် လမ်းမကြီး၌လည်းကောင်း၊ ထုတ်ချင်းမထွင်းသော ခရီး၌လည်းကောင်း၊ ခရီးလမ်းဆုံ၌ လည်းကောင်း ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်လည်း ရပ်လေဘိသနည်း၊ စကားလည်း ပြောလေဘိသနည်း၊ နားရင်း၌ ကပ်၍ တိုးတိုးသာသာလည်း ပြောဆိုဘိသနည်း၊ အဖော်ဘိက္ခုနီမကို လည်း ပြန်လွှတ်လိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္နာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၅၁။ ''အကြင် ဘိက္ခုနီမသည် လမ်းမကြီး၌သော်လည်းကောင်း၊ ထုတ်ချင်း မထွင်းသော ခရီး၌သော်လည်းကောင်း၊ ခရီးလမ်းဆုံ၌သော်လည်းကောင်း ယောက်ျားနှင့်အတူ တစ်ယောက်ချင်းချင်း ရပ်မူလည်း ရပ်ငြားအံ့၊ စကားပြောမူလည်း ပြောငြားအံ့၊ နားရင်း၌ ကပ်၍ တိုးတိုးသာသာမူလည်း ပြောဆိုငြားအံ့၊ အဖော် ဘိက္ခုနီမကိုမူလည်း ပြန်လွှတ်လိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
လမ်းမကြီး မည်သည် ရထားလမ်းခရီးကို ဆို၏။
ထုတ်ချင်းမထွင်းသောခရီး မည်သည် ဝင်လမ်းအတိုင်း ပြန်ထွက်ရသော ခရီးတည်း။
ခရီးလမ်းဆုံ မည်သည် လမ်းဆုံလမ်းခွကို ဆို၏။
ယောက်ျား မည်သည် ဘီလူးယောက်ျား မဟုတ်၊ ပြိတ္တာယောက်ျား မဟုတ်၊ တိရစ္ဆာန်ယောက်ျားမဟုတ်၊ ရပ်ခြင်း စကားပြောခြင်းငှါ စွမ်းနိုင်သော သိကြားလိမ္မာသူ လူယောက်ျားတည်း။
အတူဟူသည် တစ်ပေါင်းတည်း။
တစ်ယောက်ချင်းချင်းဟူသည် ယောက်ျားသည်လည်ကောင်း၊ ဘိက္ခုနီမသည်လည်းကောင်း ဖြစ်၏။
ရပ်မူလည်းရပ်ငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္တပါသ်၌ ရပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
စကားပြောမူလည်း ပြောငြားအံ့ဟူသည် ယောက်ျား၏ (နှစ်တောင့်ထွာ) ဟတ္တပါသ်၌ ရပ်၍ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
နားရင်း၌ကပ်၍ တိုးတိုးသာသာမူလည်း ပြောဆိုငြားအံ့ဟူသည် ယောက်ျား၏ နားအနီး၌ ပြောငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အဖော်ဘိက္ခုနီမကိုမူလည်း ပြန်လွှတ်လိုက်ငြားအံ့ဟူသည် မလျော်သောအကျင့်ကို ကျင့်လို၍ အဖော်ဘိက္ခုနီမကို ပြန်လွှတ်လိုက်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြင်လောက်ကြားလောက်သော အရပ်ကို စွန့်ဆဲ ဘိက္ခုနီမအား ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ပြီးသော် ပါစိတ်အာပတ် သင့်၏။
(နှစ်တောင့်ထွာ) ဟတ္တပါသ်ကို စွန့်၍ ရပ်မူလည်း ရပ်အံ့၊ စကားပြောမူလည်း ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘီလူး ပြိတ္တာ ပဏ္ဍုက် လူယောင်ဆောင်သော တိရစ္ဆာန်ယောက်ျားနှင့်အတူ ရပ်မူလည်း ရပ်အံ့၊ စကားပြောမူလည်း ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၅၃။ သိကြားလိမ္မာသူ အဖော်တစ်ဦးဦး ရှိအံ့၊ ဆိတ်ကွယ်ခြင်းကို မငဲ့အံ့၊ အာရုံတစ်ပါးကို နှလုံးသွင်း၍ ရပ်မူလည်း ရပ်အံ့၊ စကားပြောဆိုမူလည်း ပြောဆိုအံ့၊ မလျော်သော အကျင့်ကို မကျင့်လိုဘဲ ကိစ္စရှိသဖြင့် အဖော်ဘိက္ခုနီမကို ပြန်လွှတ်လိုက်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။