Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Tatiyasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၀၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ
စဏ္ဍကာဠီဘိက္ခုနီမသည် ခိုက်ရန်ဖြစ်တတ်၏၊ ငြင်းခုံရန်ပွါး ဆန့်ကျင်ဘက်စကားကို ဆိုတတ်သည့်ပြင် စကားများ၍ သံဃာ့အဓိကရုဏ်းကိုလည်း ပြုတတ်၏၊
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဘိက္ခုနီမအား ကံပြုသည်ရှိသော် ကန့်ကွက်တားမြစ်၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရွာငယ်သို့ သွားခိုက်
ဘိက္ခုနီသံဃာသည်
''ထုလ္လနန္ဒာဘိက္ခုနီမ ဖဲသွားပြီ''ဟု စဏ္ဍကာဠီဘိက္ခုနီမအား အာပတ်ကို မရှုခြင်း ကြောင့် နှင်ထုတ်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ရွာငယ်၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် တစ်ဖန် သာဝတ္ထိပြည်သို့ ပြန်လာ၏။
စဏ္ဍကာဠီဘိက္ခုနီမသည် ပြန်လာသော ထုလ္လနန္ဒာဘိက္ခုနီမအား နေရာကို မခင်းပေး၊ ခြေဆေး ရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကိုလည်း အနီး၌ ယူမထား၊
ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်း ကိုလည်း လှမ်းမယူ၊ သောက်ရေဖြင့်လည်း မမေးမြန်း 'သောက်ရေကိုလည်း မဆက်ကပ်'။
ထုလ္လနန္ဒာဘိက္ခုနီမသည် စဏ္ဍကာဠီဘိက္ခုနီအား-
''အသျှင်မ သင်သည် ငါလာနေပါလျက် အဘယ့်ကြောင့် နေရာကို မခင်းပါသနည်း၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို မထားပါသနည်း၊
ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကိုလည်း လှမ်းမယူပါသနည်း၊ သောက်ရေဖြင့် မမေးမြန်းပါသနည်း၊ 'သောက်ရေကိုလည်း မဆက်ကပ်ပါသနည်း'ဟု မေး၏။
အသျှင်မ အကျွန်ုပ်မှာ ကိုးကွယ်ရာမဲ့ဘို့ရန် အကြောင်းဖြစ်လျက် ရှိပါ၏ဟု (လျှောက်၏)။
အသျှင်မ သင်သည် အဘယ့်ကြောင့် ကိုးကွယ်ရာမဲ့ ဖြစ်ရပါသနည်းဟု (မေး၏)။
အသျှင်မ အကျွန်ုပ်အား ဤဘိက္ခုနီမတို့က
''ဤစဏ္ဍကာဠီသည် ကိုးကွယ်ရာမရှိ၊ ထင်ရှားသူ မဟုတ်၊ စဏ္ဍကာဠီအတွက် တားမြစ်ကန့်ကွက်မည့် ဘိက္ခုနီမသည် တစ်စုံတစ်ယောက်မျှ မရှိတော့ပြီ''ဟု (နှလုံးသွင်း၍) အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ပါကုန်ဟု (ပြောဆို၏)။
ထုလ္လနန္ဒာဘိက္ခုနီမက
''ထိုဘိက္ခုနီမတို့သည် မိုက်မဲကုန်၏၊ ထိုဘိက္ခုနီမတို့သည် မလိမ္မာကုန်၊ ထိုဘိက္ခုနီမတို့သည် ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်းကိုလည်းကောင်း မသိကြကုန်''ဟု ဂိုဏ်းကို ကြမ်းတမ်းစွာ ရေရွတ်ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဂိုဏ်းကို ကြမ်းတမ်း စွာ ရေရွတ်ပြောဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဂိုဏ်းကို ကြမ်းတမ်းစွာ ရေရွတ်ပြောဆို၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဂိုဏ်းကို ကြမ်းတမ်းစွာ ရေရွတ်ပြောဆိုဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၃၄။ ''အကြင် ဘိက္ခုနီမသည် ကြမ်းတမ်းစွာ ဂိုဏ်းကို ရေရွတ် ပြောဆိုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၃၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကြမ်းတမ်းစွာ မည်သည် အမျက်ထွက်ခြင်းကို ဆိုလိုသည်။
ဂိုဏ်း မည်သည် ဘိက္ခုနီမသံဃာကို ဆိုလို၏။
ရေရွတ်ငြားအံ့ဟူသည် ''ထိုဘိက္ခုနီမတို့သည် မိုက်ကုန်၏၊ မလိမ္မာကုန်၊ ထိုဘိက္ခုနီမတို့သည် ကံကိုလည်းကောင်း၊ ကံ၏အပြစ်ကိုလည်းကောင်း၊ ကံ၏ပျက်စီးခြင်းကိုလည်းကောင်း၊ ကံ၏ပြည့်စုံခြင်း ကိုလည်းကောင်း မသိကြကုန်''ဟု ရေရွတ်အံ့၊ ပါစိတ်အာပတ် သင့်၏။
များစွာသော ဘိက္ခုနီမတို့ကိုသော်လည်းကောင်း၊ တစ်ယောက်သော ဘိက္ခုနီမကိုသော်လည်းကောင်း၊ လူသာမဏေကိုသော်လည်းကောင်း ရေရွတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၁၀၃၆။ အနက်ကို ရှေးရှုသော ဘိက္ခုနီမ၊ ပါဠိကို ရှေးရှုသော ဘိက္ခုနီမ၊ ဆုံးမခြင်းကို ရှေးရှုသော ဘိက္ခုနီမ၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။