၉၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမ၏ အလုပ်အကျွေး ဒါယကာသည် ထုလ္လနန္ဒာဘိက္ခုနီမကို ''အသျှင်မ ဘိက္ခုနီသံဃာအား သင်္ကန်းလှူပါကုန်အံ့''ဟု လျှောက်၏။
ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''သင်တို့သည် ကိစ္စများကုန်၏၊ ပြုဖွယ်များကုန်၏''ဟု (ဆို၍) အန္တရာယ်ကို ပြုလေ၏။
ထိုစဉ်အခါ၌ ထိုဒါယကာ၏ အိမ်ကို မီးလောင်လေ၏။
ထိုသူတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် ငါတို့ အလှူဝတ္ထု၏ အန္တရာယ်ကို ပြုလေဘိသနည်း၊ စည်းစိမ်, ကောင်းမှု နှစ်ပါးတို့မှ အပ 'လစ်ဟင်း' ဖြစ်ရကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဂိုဏ်း (ဘိက္ခုနီသံဃာ) ၏ သင်္ကန်း လာဘ်ကို အန္တရာယ် ပြုလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ် ပြု၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၀၈။ ''အကြင် ဘိက္ခုနီမသည် ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ် ပြုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၉၀၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဂိုဏ်း မည်သည် ဘိက္ခုနီသံဃာကို ဆိုလို၏။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံးအားဖြင့် ဝိကပ္ပနာလောက်သော တစ်ထည်ထည်သော သင်္ကန်းတည်း။
အန္တရာယ်ပြုငြားအံ့ဟူသည် ''အဘယ့်ကြောင့် ဤသင်္ကန်းကို ပေးလှူကုန်ရာသနည်း''ဟု အန္တရာယ်ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
အခြား ပရိက္ခရာကို အန္တရာယ် ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
များစွာသော ဘိက္ခုနီမတို့၏လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်၏လည်းကောင်း၊ လူသာမဏေ၏ လည်းကောင်း သင်္ကန်းကိုဖြစ်စေ အခြားပရိက္ခရာကိုဖြစ်စေ အန္တရာယ်ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၁၀။ အကျိုးအာနိသင်ကို ပြ၍ တားမြစ်အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။