၇၈၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အကြားအမြင်များ၍ အပြော ကောင်း၏၊ တရားဟောခြင်းငှါလည်း ရဲရင့်၍ စွမ်းရည်သတ္တိ ရှိ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ပူအိုက်သောအခါ၌ အဖိုးများစွာထိုက်တန်သော ခေါမတိုင်း ဖြစ် အထည်ကို ခြုံ၍ ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင်
ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီကောသလမင်းကြီးကို ထုလ္လနန္ဒာဘိက္ခုနီမသည် တရား စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေ၍ (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေ၏။
ထိုအခါ ထုလ္လနန္ဒာဘိက္ခုနီမက တရားစကားဖြင့် (အကျိုးစီးပွါကို) သိမြင်စေ၍ (တရားကို)့ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် ပသေနဒီကောသလမင်းကြီး သည် ''အသျှင်မ အလိုရှိရာ ဝတ္ထုကို ပြောဆိုပါလော့''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား လျှောက်၏၊
''မင်းမြတ် သင်သည် အကျွန်ုပ်အား အကယ်၍ လှူလိုပါမူ ဤခေါမတိုင်းဖြစ် ခြုံထည်ကို ပေးလှူပါ လော့''ဟု ဆိုသဖြင့်
လှူခဲ့ပြီးနောက် နေရာမှ ထပြီးလျှင် ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွား၏။
လူတို့သည် ''ဤဘိက္ခုနီမတို့သည် အလိုကြီးကုန်၏၊ မရောင့်ရဲကုန်၊ အဘယ့်ကြောင့် မင်းကြီး၏ ခေါမတိုင်းဖြစ် ခြုံထည်ကို တောင်းကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် မင်းကြီး၏ ခေါမတိုင်းဖြစ် ခြုံထည်ကို တောင်းလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် မင်းကြီး၏ ခေါမတိုင်းဖြစ် ခြုံထည်ကို တောင်း၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် မင်းကြီး၏ ခေါမတိုင်းဖြစ် ခြုံထည်ကို တောင်းလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၈၉။ ''ပေါ့ပါးသော ခြုံထည်ကို တောင်းသော ဘိက္ခုနီမသည် နှစ်ကံသခွဲ အလွန်ဆုံးတန်သော ခြုံထည်ကို တောင်းရမည်၊
ထို့ထက်အလွန် (အဖိုး ထိုက်သော ခြုံထည်ကို) တောင်းငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၉၀။ ပေါ့ပါးသော ခြုံထည် မည်သည် ပူအိုက်သော အခါ၌ ခြုံသော အထည်တည်း။
တောင်းသော ဘိက္ခုနီမသည်ဟူသည် သိစေသော ဘိက္ခုနီမသည်။
နှစ်ကံသခွဲ အလွန်ဆုံးတန်သော ခြုံထည်ကို တောင်းရမည်ဟူသည် ဆယ်သပြာထိုက်သော ခြုံထည်ကို တောင်းရမည်။
ထို့ထက် အလွန် (အဖိုးထိုက်သော ခြုံထည်ကို) တောင်းငြားအံ့ဟူသည် ထို့ထက်အလွန် သိစေအံ့။ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော် လည်း ကောင်း စွန့်ရမည်။
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။
''အသျှင်မတို့ ဤခြုံထည်သည် နှစ်ကံသခွဲထက် အလွန် အကျွန်ုပ် တောင်းအပ်သည်ဖြစ်၍ စွန့်အပ် ပါ၏။ အကျွန်ုပ်သည် ဤခြုံထည်ကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၉၁။ နှစ်ကံသခွဲထက် လွန်သည်၌ ပိုလွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
နှစ်ကံသခွဲထက် လွန်သည်၌ ယုံမှားရှိသည်ဖြစ်၍ တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
နှစ်ကံသခွဲထက် လွန်သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
နှစ်ကံသခွဲအောက် ယုတ်လျော့သည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်ကံသခွဲအောက် ယုတ်လျော့သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်ကံသခွဲအောက် ယုတ်လျော့သည်၌ ယုတ်လျော့၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၉၂။ နှစ်ကံသခွဲတန် အတိုင်းအရှည်ရှိသော ခြုံထည်ကို တောင်းအံ့၊ နှစ်ကံသခွဲတန်အောက် ယုတ် လျော့သော အတိုင်းအရှည်ရှိသော ခြုံထည်ကို တောင်းအံ့၊ အဆွေအမျိုးတော်သူတို့ကို တောင်းအံ့၊ ဖိတ်ထားသူတို့ကို တောင်းအံ့၊ သူတစ်ပါးအကျိုးငှါ တောင်းအံ့၊ မိမိဥစ္စာဖြင့် ဝယ်စေအံ့၊ အဖိုးများစွာ ထိုက်သော ခြုံထည်ကို တောင်းစေလိုသူထံ၌ အဖိုးအနည်းငယ်ထိုက်သော ခြုံထည်ကို တောင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒွါဒသမသိက္ခာပုဒ် ပြီး၏။
အသျှင်မတို့ သုံးဆယ်သော နိဿဂ္ဂိပါစိတ်အာပတ်တို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ထိုနိဿဂ္ဂိပါစိတ်အာပတ်တို့၌ အသျှင်မတို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးဆယ်သော ပါစိတ်အာပတ်တို့၌ အသျှင်မတို့သည် အာပတ်မှ စင်ကြယ်ကြပါ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့်အဖြစ်ကို သိမှတ်ရပါသည်။
ဘိက္ခုနီဝိဘင်း၌ နိဿဂ္ဂိအခန်း ပြီး၏။
ဤဘိက္ခုနီ နိဿဂ္ဂိပါစိတ် ၃၀-တို့တွင် ယခုပြခဲ့ပြီး အသာဓာရဏ ၁၂-ပါးနှင့် ပုရာဏစီဝရ၊ စီဝရပဋိဂ္ဂဟဏ၊ ကောသိယ၊ သုဒ္ဓကာဠက၊ ဒွေဘာဂ၊ ဆဗ္ဗဿ၊ နိသီဒနသန္ထတ၊ ဧဠကလောမ၊ ဧဠကလောမဓောဝါပန၊ ပတ္တ၊ ဝဿိကသာဋိက၊ သာသင်္ကသိက္ခာပုဒ်မှတစ်ပါး ကျန်သော ဘိက္ခုသာဓာရဏ သိက္ခာပုဒ် ၁၈-ပါး၊ နှစ်ရပ်ပေါင်း ဘိက္ခုနီ နိဿဂ္ဂိပါစိတ် ၃၀-ဖြစ်သည်။