၁၀၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွား၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာဘိက္ခုနီမ၏ ကျောင်းသည် မီးလောင်သဖြင့်
ဘိက္ခုနီမတို့က ''အသျှင်မတို့ ပစ္စည်းဘဏ္ဍာကို သယ်ယူထုတ်ဆောင်ကြစို့''ဟု ဆိုကုန်၏။
အချို့သော ဘိက္ခုနီမတို့ကမူ ''အသျှင်မတို့ ငါတို့သည် မသယ်ယူ မထုတ်ဆောင်လိုကုန်၊ ပစ္စည်း ဥစ္စာ တစ်စုံတစ်ခုပျောက်ခဲ့သော် အလုံးစုံသော ပစ္စည်းဘဏ္ဍာအတွက် ငါတို့ကို မေးစိစစ်လတ္တံ့''ဟု ဆိုကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် တစ်ဖန် ထိုကျောင်းသို့ ပြန်လာ၍ ''အသျှင်မတို့ ပစ္စည်းဘဏ္ဍာကို သယ်ယူ ထုတ်ဆောင်ကြသည် မဟုတ်ပါလော''ဟု ဘိက္ခုနီမတို့အား မေးသဖြင့်
''အသျှင်မ အကျွန်ုပ်တို့ သည် မသယ်ယူ မထုတ်ဆောင်ပါကုန်''ဟု ပြောဆိုကုန်၏။
ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကျောင်းကို မီးလောင်နေပါလျက် ပစ္စည်းဘဏ္ဍာကို မသယ်ယူ မထုတ်ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွားဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၀၉။ ''အကြင် ဘိက္ခုနီမသည် ကျောင်းကို မစွန့်ဘဲ ဒေသစာရီ ဖဲသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၁၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ကျောင်း မည်သည် တံခါးရွက် အဖွဲ့ရှိသော ကျောင်းကို ဆိုလို၏။
မစွန့်ဘဲ ဒေသစာရီ ဖဲသွားငြားအံ့ဟူသည် ဘိက္ခုနီမအားသော်လည်းကောင်း၊ သိက္ခမာန် အားသော်လည်းကောင်း၊ သာမဏေမအားသော်လည်းကောင်း မစွန့်ဘဲ အရံရှိသော ကျောင်း၏ အရံကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
အရံမရှိသော ကျောင်း၏ ဥပစာကို လွန်စေသော ဘိက္ခုနီမ အား ပါစိတ်အာပတ် သင့်၏။
၁၀၁၁။ မစွန့်ရသေးသည်၌ မစွန့်ရသေးဟု အမှတ်ရှိသည်ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မစွန့်ရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
မစွန့်ရသေးသည်၌ စွန့်ထားပြီးဟု အမှတ်ရှိသည်ဖြစ်၍ ဖဲသွားအံ့၊ ပါစိတ်အာပတ် သင့်၏။
တံခါးရွက်အဖွဲ့မရှိသော ကျောင်းကို မစွန့်ဘဲ ဖဲသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ထားပြီးသည်၌ မစွန့်ရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ထားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စွန့်ထားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စွန့်ထားပြီးသည်၌ စွန့်ထားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၁၂။ စွန့်ပြီးမှ ဖဲသွားအံ့၊ အန္တရာယ် ရှိ၍ ဖဲသွားအံ့၊ ရှာဖွေ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။