Issues
選擇版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

10. Dasamasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၈၇၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
စဏ္ဍကာဠီဘိက္ခုနီမသည် ဘိက္ခုနီမတို့နှင့်အတူ ခိုက်ရန် ဖြစ်သဖြင့် မိမိကိုယ်ကို ထု၍ ထု၍ ငိုကြွေး၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် စဏ္ဍကာဠီဘိက္ခုနီမသည် မိမိကိုယ်ကို ထု၍ ထု၍ ငိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ စဏ္ဍကာဠီဘိက္ခုနီမသည် မိမိကိုယ်ကို ထု၍ ထု၍ ငို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် စဏ္ဍကာဠီ ဘိက္ခုနီမသည် မိမိကိုယ်ကို ထု၍ ထု၍ ငိုဘိသနည်း၊
ရဟန်းတို့ ဤ (စဏ္ဍကာဠီဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၈၀။ ''အကြင် ဘိက္ခုနီမသည် မိမိကိုယ်ကို ထု၍ ထု၍ ငိုကြွေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၈၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
မိမိကိုယ်ကိုဟူသည် ကိုယ့်ကိုယ်ကို။
ထု၍ ထု၍ ငိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ထုသာ ထု၍ မငိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ငိုသာ ငို၍ မထုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၈၂။ ဆွေမျိုး၏ ပျက်စီးခြင်း၊ စည်းစိမ်၏ ပျက်စီးခြင်း၊ ရောဂါဟူသော ပျက်စီးခြင်းတို့နှင့် တွေ့ထိသဖြင့် မထုဘဲ ငိုအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ဒုတိယအန္ဓကာရဝဂ် ပြီး၏။