၇၃၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် ရွာကျောင်း၌ ဝါမှ ထပြီးကုန်သော် ဝတ်အကျင့် ဣရိယာပုထ်နှင့် ပြည့်စုံကြကုန်လျက် အဝတ်ညစ်နွမ်း သင်္ကန်းလည်း ခေါင်းပါးကုန်သည် ဖြစ်၍ သာဝတ္ထိပြည်သို့ သွားကုန်၏။
ဒါယကာတို့သည် ထိုဘိက္ခုနီမတို့ကို မြင်၍
''ဤ ဘိက္ခုနီမတို့သည် ဝတ်အကျင့်နှင့်လည်း ပြည့်စုံကုန်၏၊ ဣရိယာပုထ်နှင့်လည်း ပြည့်စုံကုန်၏၊ အဝတ် လည်း ညစ်နွမ်းကုန်၏၊ သင်္ကန်းလည်း ခေါင်းပါးကုန်၏၊ ဤဘိက္ခုနီမတို့သည် အလုယက်ခံရသူများ ဖြစ်ကြပေမည်''ဟု (နှလုံးသွင်း၍) ဘိက္ခုနီသံဃာအား အခါမဲ့သင်္ကန်းကို ပေးလှူကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည်
''ငါတို့အား ကထိန်ခင်းထားပြီးဖြစ်၍ အခါတွင်းသင်္ကန်းတည်း''ဟု ဆောက်တည်ကာ ဝေဖန်စေ၏။
ဒါယကာတို့သည် ထိုဘိက္ခုနီမတို့ကို မြင်၍
''အသျှင်မတို့သည် သင်္ကန်း ကို ရပါ၏လော''ဟု မေးကုန်၏။
ဒါယကာတို့ ငါတို့သည် သင်္ကန်းကို မရပါ၊
အသျှင်မထုလ္လနန္ဒာသည်
''ငါတို့အား ကထိန်ခင်းထားပြီးဖြစ်၍ အခါတွင်းသင်္ကန်းတည်း''ဟု ဆောက်တည်ကာ ဝေဖန်စေပြီဟု ပြောဆိုကုန်၏။
ဒါယကာတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဒါယကာတို့၏ စကားကို ကြားကြ သည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခါမဲ့ သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်း ယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၃၉။ ''အကြင်ဘိက္ခုနီမသည် အခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ ဝေဖန်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၇၄၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခါမဲ့သင်္ကန်း မည်သည် ကထိန်မခင်းသည် ရှိသော် တစ်ဆယ့်တစ်လအတွင်း၌ ဖြစ်ပေါ်သော သင်္ကန်းတည်း၊ ကထိန်ခင်းသည် ရှိသော် ခုနစ်လအတွင်း၌ ဖြစ်ပေါ်သော သင်္ကန်းတည်း၊ အခါတွင်း၌ သော်လည်း ရည်စူး၍ လှူသော သင်္ကန်းတည်း၊ ဤသို့သော သင်္ကန်းသည် အခါမဲ့သင်္ကန်း မည်၏။
အခါမဲ့သင်္ကန်းကို အခါတွင်းသင်္ကန်းဟု ဆောက်တည်၍ ဝေဖန်စေအံ့၊ လုံ့လပယောဂတိုင်း ဒုက္ကဋ် အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော် လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်၊
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။
''အသျှင်မတို့ ဤအခါမဲ့သင်္ကန်းကို 'အခါတွင်းသင်္ကန်း'ဟု ဆောက်တည်ကာ အကျွန်ုပ်ဝေဖန် စေအပ်သောကြောင့် စွန့်ခြင်းဝိနည်းကံ ရှိပါ၏။ အကျွန်ုပ်သည် ဤသင်္ကန်းကို သံဃာအား စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၄၁။ အခါမဲ့သင်္ကန်းကို အခါမဲ့သင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ ''အခါတွင်းသင်္ကန်း''ဟု ဆောက် တည်ကာ ဝေဖန်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခါမဲ့သင်္ကန်းကို ယုံမှားရှိသည်ဖြစ်၍ ''အခါတွင်းသင်္ကန်း''ဟု ဆောက်တည်ကာ ဝေဖန်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခါမဲ့သင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိသည် ဖြစ်၍ ''အခါတွင်းသင်္ကန်း''ဟု ဆောက်တည်ကာ ဝေဖန်စေအံ့၊ အာပတ် မသင့်။
အခါတွင်းသင်္ကန်းကို အခါမဲ့သင်္ကန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခါတွင်းသင်္ကန်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခါတွင်းသင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၄၂။ အခါမဲ့သင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ ဝေဖန်စေအံ့၊ အခါတွင်းသင်္ကန်းကို အခါတွင်းသင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ ဝေဖန်စေအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။